သတင်း

သံလွင်မြစ်ကနေ သစ်ခိုးထုတ်နေဆဲ

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ် သံလွင်မြစ်ပေါ်တွင် မကြာသေးမီက ကျွန်းသစ် ၂၅တန် ဖမ်းဆီးရမိခဲ့သည်။ ထိုဖမ်းဆီးရမိမှုမှာ နိုင်ငံတဝှမ်းတွင် သစ်ခုတ်မှုကို တားမြစ်ထားသော်လည်း တရားမဝင် သစ်ထုတ်လုပ်မှုများ ဆက်လက် ကျန်ရှိနေသည်ကို သက်သေပြလျက်ရှိသည်။
အဆိုပါ ကျွန်းသစ် ၂၅ တန်ကို ထိုင်းနယ်စပ် မဲဟောင်ဆောင်ခရိုင် ဘန်သာတဖန်းကျေးရွာ သံလွင်မြစ်ပေါ်တွင် တွေ့ရှိပြီးနောက် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ထိုင်းစစ်တပ်တို့က သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

နယ်စပ် စစ်စခန်းရှိ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ မှ ဒုတိယ ဗိုလ်မှူးကြီး ကျော်မူက သံလွင်မြစ်ပေါ်ရှိ KNLA တပ်မဟာ ၅ ပိုင်နက်မှ ဖြတ်၍ အဆိုပါ ကျွန်းသစ်များကို ကရင်ပြည်နယ် ဘားအံမြို့မှ ကုမ္ပဏီတခုသို့ ပို့ဆောင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“အစိုးရက သစ်ခုတ်မှုကို တနိုင်ငံလုံး တားမြစ်နေတဲ့ အချိန်မှာ ကျနော်တို့က ကျနော်တို့ရဲ့ ပိုင်နက်ထဲမှာ ဒီကျွန်းသစ်တွေ သိမ်းဆည်းရမိခဲ့တယ်။ ဒါကိုလွှတ်ပေးလိုက်ရင် ကျနော်တို့ကို လာဘ်ယူတယ်ဆိုပြီး လူတွေက စွပ်စွဲကြမှာ စိုးရိမ်ပါတယ်။ ကျနော်တို့ရဲ့ ပုံရိပ်ကို မပျက်စီးစေချင်ပါဘူး”ဟု ဒုတိယ ဗိုလ်မှူးကြီး ကျော်မူကပြောသည်။

ထိုကျွန်းသစ်များကို ကယားနှင့် ထိုင်းနိုင်ငံသား ကရင်လူမျိုးများက သယ်ဆောင်လာကြောင်း ဒုတိယ ဗိုလ်မှူးကြီး ကျော်မူကပြောသည်။ အဆိုပါ ကျွန်းသစ် ၂၅ တန်ကို သိမ်းမိပြီးနောက် KNLA တပ်မဟာ ၅ က ကျွန်းသစ်သယ်ဆောင်လာသူများအား ၎င်းတို့ လှေပေါ်သို့ ပြန်သွားစေခဲ့သည်။
ထိုင်းနယ်စပ်စောင့် စစ်သားများကလည်း ထိုကျွန်းသစ်များကို လာရောက် စစ်ဆေးပြီး မြန်မာနိုင်ငံ အရှေ့ပိုင်း ကယားပြည်နယ်မှ သယ်လာသည့်အတွက် သူတို့နှင့် မပတ်သက်သည့်အတွက် တာဝန်မယူနိုင်ကြောင်း ပြောသည်။

ကျွန်းသစ်များနှင့်အတူ ပါလာသော စာရွက်စာတမ်းတွင် စက်တင်ဘာ ၂၁ ရက် နေ့စွဲပါရှိကာ ကယားပြည်နယ်မှ လက်နက်ကိုင် အဖွဲ့အစည်း ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ် KNPLF က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပါရှိသော အထောက်အထားအား ဧရာဝတီသတင်းဌာနက မြင်ခဲ့ရသည်။

အဆိုပါ စာရွက်စာတမ်းတွင် KNPLF ဒုဥက္ကဌ ဦးထွန်းရွှေက ကယားပြည်နယ် ဖဆောင်းမှ ကျွန်းသစ် ၁၁၂ တန် တင်ပို့ရန် ဦးမြင့်သိန်းအား ခွင့်ပြုချက် လက်မှတ်ထိုးပေးထားပြီး မည့်သည့်နေရာသို့ ပို့မည်ကို မှတ်တမ်းမတင်ထားပါ။

ဦးမြင့်သိန်းအား ဆက်သွယ်ခဲ့ပြီး KNLA တပ်မဟာ ၅ တွင် ၎င်းအား ထိန်းသိမ်းထားကြောင်း၊ ဦးမြင့်သိန်းနှင့် သိမ်းဆည်းရမိသော ကျွန်းသစ်များကိစ္စအား မည်သို့ဆောင်ရွက်ရမည်ကို KNUမှ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း ဒုတိယ ဗိုလ်မှူးကြီး ကျော်မူက ပြောသည်။

ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်နှင့် နယ်စပ်ဖြစ်သော ကရင်နှင့် ကယားပြည်နယ်မျာတွင် တရားမဝင် သစ်ခုတ်မှုများကို မကြာခဏ ဖြစ်ပွားလျက်ရှိပါသည်။ ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ကလည်း ၎င်းတို့၏ မြောက်ပိုင်းနယ်စပ် ဒေသတွင် လှေများ ရဟတ်ယာဉ်များဖြင့် စောင့်ကြည့်၍ တရားမဝင်ကုန်သွယ်မှုကို နှိမ်နှင်းလျက်ရှိသည်။

ဇွန်လတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံ၌ အလျင်အမြန် သစ်တောပြုန်တီးမှုကို ရပ်တန့်ရန် သစ်ခုတ်မှုကို တားမြစ်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် ကျွန်းပင်ငယ်များ ပြန်လည်စိုက်ပျိုးထားခြင်းမရှိသော ဒေသများတွင် ကျွန်းပင်ခုတ်ခြင်းကို တားမြစ်ပြီး ပြစ်ဒဏ်သတ်မှတ်ထားခဲ့သည်။

ဧပြီလ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အစတွင် တရားမဝင်တင်ပို့သော သစ် ၁၉၄၀ တန်နှင့် ၁၀၄ ယူနစ်ရှိသော အကြီးစား စက်ယန္တရားများကို သိမ်းဆည်းရမိခဲ့ပြီး ကချင်ပြည်နယ်တွင် သစ်မှောင်ခိုရောင်းဝယ်သူ ၁၁၇ ဦးကိုလည်း ဖမ်းမိခဲ့ကြောင်း ဝန်ကြီး ဦးအုန်းမြင့်၏ အဆိုအရ သိရသည်။

လွန်ခဲ့သော ၅ နှစ်ကလည်း တရားမဝင် တင်သွင်းသော သစ် ၂၆၂၃၃ တန် ၊ စက်ယန္တရား ၁၅၉၈ ယူနစ် သိမ်းဆည်းရမိခဲ့ပြီး မြန်မာနိုင်ငံသား သစ်မှောင်ခိုရောင်းဝယ်သူ ၈၆၁ ဦးနှင့် နိုင်ငံခြားသား သစ်မှောင်ခိုရောင်းဝယ်သူ ၁၇၆ ဦး ဖမ်းမိခဲ့သည်။

Karen Environmental and Social Action Network (KESAN) ၏ လက်ထောက်ညွှန်ကြားရေးမှူး စောအဲလက်စ်ထူးက နိုင်ငံတဝှမ်းတွင် သစ်ခုတ်မှု တားမြစ်ထားသော်လည်း သံလွင်မြစ်ပေါ်တွင် တရားမဝင် သစ်ထုတ်လုပ်နေခြင်းကို ဝေဖန်ခဲ့သည်။

“အစိုးရက တနိုင်ငံလုံးအတိုင်းအတာနဲ့ တားမြစ်ထားတဲ့ အချိန်မှာ ဒီသစ်ကုန်သွယ်မှုကို ဆက်မလုပ်သင့်ဘူး။ တရားမဝင် သစ်ခုတ်တာက ပတ်ဝန်းကျင်ကို ထိခိုက်တာတင် မဟုတ်ဘဲ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြားမှာ ပဋိပက္ခတွေ ဖြစ်စေနိုင်ပါတယ်”ဟု စောအဲလက်စ်ထူးက ပြောသည်။

၁၉၇၈ ခုနှစ်တွင် တည်ထောင်ခဲ့သော KNPLF သည် အဓိအဖွဲ့အစည်းဖြစ်သော ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ ခွဲထွက်လာခဲ့ခြင်း ဖြစ်သည်။ လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သော KNPP သည် ယခင် အစိုးရနှင့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ရေးထိုးခဲ့သည်။ ထို့ပြင် KNPLF သည် မြန်မာတပ်မတော်၏ ကျောထောက်နောက်ခံဖြင့် နယ်ခြားစောင့်တပ် BGF အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

KNPLF ခေါင်းဆောင်အချို့သည် KNU တပ်မဟာ ၇ မှ ခေါင်းဆောင်များနှင့် ပူးပေါင်း၍ တရားမဝင် သစ်ခုတ်နေကြကြောင်း KNPP နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။ သို့သော် လွတ်လပ်သော အတည်ပြုချက်များ ဧရာဝတီအနေဖြင့် မရနိုင်သေးပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading