သတင်း

ANP မှ ထုတ်ပယ်ခံရသူများက ဦးဆောင်၍ ရခိုုင်လူထုုအခြေပြု ညီလာခံ ခေါ်ယူမည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်အမျိုးသားပါတီ(ANP)မှ ထုတ်ပယ်ခံရသူများက မြန်မာ့နိုင်ငံရေးတွင် အင်အားစုတရပ်အဖြစ် ပြန်လည် ရပ်တည်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရခိုင် လူထု အခြေခံပြု ညီလာခံတရပ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

“အဲဒီညီလာခံကနေ ကျနော်တို့ ALD (ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်) အနေနဲ့ ရှေ့ဆက်ပြီး နိုင်ငံရေးအရ ဘယ်လို ရပ်တည်မလဲဆိုတာ ဆုံးဖြတ်မှာပါ။ ပါတီအသစ် တခုပေါ်လာဖို့ ဆိုတာကလည်း လက်ရှိ ANP (ရခိုင်အမျိုးသားပါတီ)က ၂ ခု ပေါင်းထားတာဆိုတော့ အဲဒါတွေကို ရှင်းထုတ်ဖို့တွေက ရှိသေးတယ်”ဟု ALD ဗဟို အဖွဲ့ဝင်ဟောင်း ဦးကျော်မြင့်က ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်၏ လက်ရှိ နိုင်ငံရေး အခြေအနေများပေါ် မူတည်၍ ပါတီသစ်တရပ် ထူထောင်ရန် သင့်/မသင့်ကို စဉ်းစားနေပြီး လက်ရှိ အခြေအနေတွင် ANP ပါတီမှ ထုတ်ခံခဲ့ရသည့် ၎င်းတို့မှာ နိုင်ငံရေး ကစားကွင်း မရှိဘဲ ဖြစ်နေရကြောင်း ALD ဗဟို အဖွဲ့ဝင်ဟောင်းတဦး ဖြစ်သူ ဦးလှမြင့်ကလည်း ပြောသည်။

ANP ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ရခိုင် တိုင်းရင်းသား များ တိုးတက်ရေးပါတီ (RNDP) တို့ကိုု၂၀၁၄ ခုနှစ်တွင် ပေါင်းစည်း ထားခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ တွင်လည်း ရခိုင် ပြည်နယ်၌ အပြတ်အသတ် အနိုင်ရထားသည့် ပါတီတခု ဖြစ်သည်။

လက်ရှိ အခြေအနေအရ ANP ပါတီတွင် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် (CEC) ၃၉ ဦးရှိရာ ALD ဘက်ခြင်းမှ CEC ၇ ဦးမှာလည်း ANP ပါတီမှ အထုတ်ခံခဲ့ရပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်ရာတွင်တွင် ALD အုပ်စုများမှ ပါဝင်သူများ ကန့်သတ်ခံရခြင်း၊ အောက်ခြေ အထိ ခွဲခြားဆက်ဆံ ခံရခြင်းတို့ကြောင့် နိုင်ငံရေး အင်အားစုတခု အဖြစ် သီးသန့်ရပ်တည်ရန် ကြိုးပမ်းရခြင်း ဖြစ်သည်ဟု ယခင် ANP မှ ဦးကျော်မြင့်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ANP မှာ ဘာပြောရေးဆိုခွင့်မှ မရှိဘူး။ အဲဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲအထိလည်း မစောင့်တော့ဘူး။ ၂၀၁၆ မကုန်ခင် မှာပဲ နိုင်ငံရေးအရ ပြန်လည် ရပ်တည်နိုင်ဖို့ အကောင်အထည် တခုခုပေါ်အောင် လုပ်မယ်။ ကျနော်တို့ ခေါင်းဆောင်ဖြစ်တဲ့ ဦးအေးသာ အောင်ကလည်း နေပြည်တော်မှာ အလုုပ်တွေများတော့ ဒီကိစ္စတွေမှာ မပါနိုင်ပေမယ့် ALD ဘက်ကပဲ ဆက်ဦးဆောင်လိမ့်မယ်”ဟု ဦးကျော်မြင့်က ပြောသည်။

လက်ရှိ ANP ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဦးလှစောက“သူတို့ ပါတီအသစ် ထပ်ဖွဲ့ရင်တော့ ပြဿနာ နည်းနည်း ရှိနိုင် တယ်။ ကော်မရှင်က ဘယ်လိုဆုံးဖြတ်မလဲတော့ မသိဘူး။ အခုက ၂ ဖက် ပြန်လည် ညှိနှိုင်းဖို့ကလည်း လက်ရှိ အခြေအနေအရ လုံး၀ မဖြစ်နိုင် တော့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

AND ပါတီမှ အထုတ်ခံရသူများ ဖြစ်သည့် ALD အဖွဲ့ဝင်ဟောင်းများသည် ပါတီမှ အထုတ်ခံရပြီးနောက် နိုင်ငံရေး ကစားကွင်း မရှိတော့သဖြင့် နိုင်ငံရေး ပလက်ဖောင်း ပြန်လည်တည်ထောင်ရန် ပါတီတရပ် ထူထောင်ရန် ကြိုးပမ်းမှု ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

“ကျနော်တို့ အချင်းချင်းကြားမှာ Trust(ယုံကြည်မှု) မတည်ဆောက်နိုင်ခဲ့ဘူး”ဟု RNDP အဖွဲ့ဝင်ဟောင်း ဦးဦးလှစောက ပြောသည်။

သို့သော် ၂ ဖက် ခေါင်းဆောင်များက ရခိုင်ပြည်နယ်ရှိ ရဟန်းရှင်လူ ပြည်သူများ၏ ဆန္ဒအရ ပါတီ ၂ ရပ်ကို တပါတီတည်း ဖြစ်အောင် ပေါင်းစည်းခဲ့ကြပြီးနောက် ပြန်လည် ကွဲထွက်တော့မည့် ယခုအခြေအနေကို ဝမ်းနည်းကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်သူများ၏ တောင်းဆိုချက်အရ တည်ထောင်ခဲ့သည့် ရခိုင် အမျိုးသားပါတီ (Arakan National Party-ANP) အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၄ ခုနှစ် မတ်လ ၆ ရက် ရက်စွဲဖြင့် တရားဝင် မှတ်ပုံတင် ခွင့်ပြုခဲ့ခြင်း ဖြစ် သည်။

ထိုအချိန်မှ စ၍ ALD နှင့် RNDP ပါတီ နှစ်ခုမှာလည်း ဥပဒေအရ ပါတီ အသီးသီး အဖြစ်မှ ဖျက်သိမ်းပြီး ဖြစ်သည်။

ANP ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် နေရာပေါင်း ၄၇ နေရာ အနက် ၂၃ နေ ရာ အနိုင်ရထားပြီး အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့၌ ၂၂ နေရာ ရွေးချယ်ခံထားရကာ ရခိုင်ပြည်နယ်၌ အင်အား အကြီးဆုံး ရခိုင်နိုင်ငံရေးပါတီ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading