အိမ်အကူ မိန်းကလေး ၂ ဦးကို နှိပ်စက်ခဲ့သည့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုကို လူကုန်ကူးမှုဖြင့် တရားစွဲဆိုထားမှု ကို အနောက်ပိုင်းခရိုင် တရားရုံးတွင် အမှုလက်ခံ စစ်ဆေးတော့မည်ဖြစ်သည်။
ယနေ့ မနက်ပိုင်းက အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်သီရိလတ် အပါအဝင် မိသားစုဝင် ၆ ဦးကို အနောက်ပိုင်း ခရိုင်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့သည်။ ၎င်းတို့ကို ဒုရဲမှူး မျိုးသိန်းက တရားလိုပြုလုပ်ကာ လူကုန်ကူးမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၄/၂၃ ဖြင့် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။ အမှုမှ တရားခံပြေးအဖြစ် ကြေညာထားခဲ့သူ ဒေါ်သီရိလတ်မှာ စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းကမှ လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် လူမှုဝန်ထမ်းဦးစီးဌာန ကလည်း အိမ်အကူကလေးများအား ညှင်းပမ်းနှိပ်စက်ခဲ့မှုအပေါ် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များ ဖြစ်သည့် ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ တင်မင်းလတ်(ခ) ဖိုက်ဇယ်၊ မစုမွန်လတ်၊ မသီရိလတ်၊ ရာဇာထွန်း တို့ ၆ ဦးကို ကလေးသူငယ်ဥပဒေ ပုဒ်မ ၆ (ဃ)ဖြင့် စက်တင်ဘာ ၂၁ ရက်နေ့က အမှုဖွင့်တရားစွဲဆိုထားသည်။
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာက ၎င်းတို့ကို လူကုန်ကူးမှုဖြင့် တရားစွဲရခြင်းကို တရားသူကြီးအား မေးခွန်းထုတ်ခဲ့သည်။
အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုဝင်များက ၎င်းတို့ နေအိမ်တွင် ကော့မှူးမြို့နယ် ရှာဘွားကျေးရွာအုပ်စု ဖျံရွာချောင်ရွာမှ အိမ်အကူ အလုပ် လာရောက်လုပ်ကိုင်သည့် မဆန်းကေခိုင် အသက် ၁၇ နှစ် နှင့် မသဇင် အသက် ၁၆ နှစ် တို့ကို လက်ချောင်း ၁၀ ချောင်းလုံးနှင့် လက်မောင်းရိုး ကျိုးသည်အထိ နှိပ်စက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အိမ်အကူ မိန်းကလေး ၂ ဦး ညှင်းပမ်းခံနှိပ်စက်မှုများအပေါ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အရေးယူဖြေရှင်းနိုင်ခြင်းမရှိခဲ့ဘဲ လျော်ကြေး ကျပ်သိန်း ၅၀ ဖြင့်သာ ညှိနှိုင်းပေးခဲ့ခြင်းအပေါ် ဝေဖန်မှုများ မြှင့်တက်ခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များ နှုတ်ထွက်ပေးရန် ပြည်သူအချို့က ဆန္ဒထုတ်ဖော်တောင်းဆိုမှု ပြုလုပ်ခဲ့သည်။
အမှုများ ထိရောက်သည့် အရေးယူမှု၊ စုံစမ်းမှုများ လုပ်ဆောင်ရန် အားနည်းခဲ့ကြောင်း ဝေဖန်ခံနေရသည့် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး သန်းအေးကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ခုံရုံးဖွဲ့ စစ်ဆေးလျက်ရှိသည်။
တတိယအကြိမ်မြောက်ရုံးချိန်းကို အနောက်ပိုင်းခရိုင်တရားရုံးတွင် ထပ်မံစစ်ဆေးရန် အောက်တိုဘာ ၆ ရက်နေ့သို့ ချိန်းဆိုထားကြောင်း သိရသည်။