သတင်း

ကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်သည့် ကျောင်းဆရာကို အရေးယူ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မှ ၈ တန်းကျောင်းသူ ၂ ဦးကို စာသင်ကျောင်းအတွင်း၌ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်သည်ဟုဆိုကာ သမိုင်းဘာသာရပ်သင် ဆရာဦးရန်နိုင်အား ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ဖမ်ဆီးအရေးယူထားကြောင်း သိရသည်။

ရွှေညောင်ပင် အလက(ခွဲ)မှ အသက် ၂၈ နှစ်အရွယ်ရှိသည့် သမိုင်းဘာသာရပ်သင်ဆရာ ဦးရန်နိုင်သည်
၎င်းစာသင်ကြားပေးနေသည့် အသက် ၁၅ နှစ် အရွယ်ကျောင်းသူတဦးကို ဆရာများနားနေခန်းအတွင်း ၅ ကြိမ် သားမယားပြုကျင့်ခဲ့ကြောင်း၊ အသက် ၁၄ နှစ်အရွယ်ကျောင်းသူတဦးကိုလည်း စာသင်ခန်းအတွင်း ၃ ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ထားကြောင်း ကျိုက်လတ်မြို့မ စခန်းမှူး ဒုရဲမှူး ထင်အောင်က ဧရာဝတီကို ပြောသည်။

“အဲဒီဆရာက သူသင်တဲ့သမိုင်းဘာသာအတွက် ကျောင်းပိတ်ရက်မှာ အချိန်ပိုခေါ်တယ်။ အဲလို အချိန်ပိုခေါ်ပြီးတော့ တခြားကျောင်းသားတွေကို အခန်းထဲမှာ စာကျက်ခိုင်းထားပြီး ပထမကောင်မလေးကို အမှတ်ခြစ်ဖို့ဆိုပြီး ဆရာများနားနေခန်းကို ခေါ်ပြီးတော့ ဆရာ့မှာ သွေးသားနဲ့ပတ်သက်တဲ့ အကူအညီ လိုနေပါတယ်ဆိုပြီး ကလေးမလေးကို ပြောတယ်။ ကလေးမလေးက ငြင်းတော့ ဒီတခါထဲပါဆိုပြီး သားမယားအဖြစ် အဓမ္မပြုကျင့်တယ်။ အဲဒီလိုနဲ့ ၅ ကြိမ်တိုင် သားမယားပြုကျင့်ခဲ့တယ်”ဟု သူက ပြောသည်။

ကျောင်းဆရာဦးရန်နိုင်မှ အသက် ၁၅ နှစ်အရွယ် ကျောင်းသူကို ဇူလိုင်လအတွင်းက သားမယားအဖြစ် ၅ ကြိမ် ပြုကျင့်ခဲ့ပြီးနောက် ကညင်ကိုင်း ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူ တဦးကိုလည်း သြဂုတ်လအစောပိုင်းတွင် ညနေကျောင်းဆင်းချိန်များ၌ သားမယားအဖြစ် ၃ ကြိမ် ပြုကျင့်ခဲ့သည်ဟု
စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း စခန်းမှူး ဒုရဲမှူး ထင်အောင်က ဆိုသည်။

“အဲဒီဆရာက ကညင်ကိုင်းရွာမှာနေတယ်။ ဒုတိယကလေးမလေးက သူနေတဲ့ ကညင်ကုန်းရွာကို တလမ်းထဲ ပြန်ကျတာဆိုတော့ ညနေကျောင်းဆင်းချိန်တွေမှာ ကျောင်းဆင်းချိန်မှာ စောင့်ပြီး အတူတူပြန်ကြတယ်။ အဲဒီမှာ ကလေးမလေးကို ရ တန်းစာသင်ခန်းထဲကို ခေါ်ပြီးတော့ သားမယားအဖြစ်ပြုကျင့်တာဖြစ်တယ်”ဟု သူက ပြောသည်။

ဦးရန်နိုင်သည် ရွှေညောင်ပင်ရွာ အလက (ခွဲ) တွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလက စတင်၍ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး ယခင်က မအူပင်မြို့နယ် ရေနုတ်ချောင်း ကျောင်း၊ ဂင်္ဂါးကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

“သားမယားအကျင့်ခံရတဲ့ ကျောင်းသူလေး ၂ ယောက်အကြောင်းကို အချင်းချင်း ပြောပြရာကနေ ကညင်ကိုင်းရွာက သူတို့နဲ့အတူတူ ကျောင်းတက်နေတဲ့ ၈ တန်းကျောင်းသူက သိသွားပြီးတော့ အိမ်ရောက်တဲ့အခါမှာ ဒီလိုအကျင့်မကောင်းတဲ့ဆရာဆီမှာ စာမသင်ချင်ဘူးဆိုပြီး လူကြီးတွေကို ပြောတယ်။ အဲဒါနဲ့ လူကြီးတွေက ဘယ်လိုဖြစ်တာလဲ မေးကြည့်တော့မှ သူ့သူငယ်ချင်း ၂ ယောက်ကို သမိုင်းစာသင်တဲ့ ဆရာဦးရန်နိုင်က ဒီလိုမျိုးတွေကျူးလွန်နေကြောင်း ပြောပြတော့မှ မိဘအချင်းချင်း ဖုန်းဆက်၊ ကလေးမတွေကို ချော့မေးတော့မှ ဒီအမှုက ပေါ်လာတာ”ဟု ကညင်ကိုင်းကျေးရွာမှ ဒေသခံတဦးက ပြောသည်။

ကျောင်းဆရာ ဦးရန်နိုင်မှ ကျောင်းသူ ၂ ဦးကို အကြိမ်ကြိမ် သားမယားပြုကျင့်ခြင်းကို အရေးယူပေးရန် ဖခင် ၂ ဦး၏ တိုင်တန်းချက်အရ ကျိုက်လတ်မြို့မရဲစခန်းမှ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading