သတင်း

ကရင်ပြည်နယ်တိုက်ပွဲများမှာ ဟတ်ကြီးရေကာတာနှင့် ပတ်သက်နေဟု KRWက ဆို

Want create site? Find Free WordPress Themes and plugins.

တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် DKBA (ခွဲထွက်အဖွဲ့)တို့အကြား မကြာမီကဖြစ်ပွားသည့် တိုက်ပွဲများမှာ တပ်မတော်၏ ဟတ်ကြီး ရေကာတာစီမံကိန်း အကောင်အထည်ဖော်ရေး ဆောင်ရွက်ချက် တခုဖြစ်ကြောင်း ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး ကွန်ရက် (KRW)က သတင်းထုတ်ပြန် လိုက်သည်။

ယနေ့ စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်သည့် KRW ၏ ကြေညာချက်တွင် တပ်မတော်နှင့် BGF တို့ ထိန်း ချုပ်လိုက်သည့် မဲသဝေါလမ်းမှာ ဟတ်ကြီးရေကာတာ စီမံကိန်းအတွက် ပစ္စည်းများသယ်ယူပို့ ဆောင်ရန် အရေးပါသော နေရာတခုဖြစ်ကြောင်း ဖော်ပြထားသည်။

KRW မှ ပြောခွင့်ရသူ စောသာဘိုးက “အရင်အစိုးရက MOUထိုးထားတယ်။ အခုNLD အစိုးရလက်ထက် မှာ ကမ္ဘာ့ဘဏ်နဲ့ ဆွေးနွေးတာကို ကျနော်တို့ တွေ့ရတာက ဟတ်ကြီးရေကာတာကို ၂၀၂၀-၂၀၂၁ လောက် မှာ အပြီးသတ်ဆောင်ရွက်မယ်ဆိုတာ Master Plan အနေနဲ့ တရားဝင်တွေ့ရတယ်”ဟု ဧရာဝတီ ကို ပြော သည်။

ထို့ပြင် ထိုင်းအစိုးရက ရုပ်သံမီဒီယာများ၌ ဟတ်ကြီးရေကာတာ တည်ဆောက်ပြီးပါက လျှပ်စစ်ရယူမည့် အပြင် ရေကိုလည်း ထိုင်းနိုင်ငံအတွင်း သွယ်ယူမည်ဟု ဖြေကြားပြောဆိုမှုများကို ခိုင်ခိုင်မာမာတွေ့ ရှိရ ကြောင်း၊ ထို့ကြောင့် ယခုနှစ်ပိုင်းအတွင်း လျင်မြန်စွာဆောင်ရွက်ရန် ပြင်ဆင်နေပြီဟု သိရကြောင်းလည်း စောသာဘိုးက ပြောသည်။

KRW ၏ ထုတ်ပြန်ချက်တွင် တပ်မတော်နှင့် ဟတ်ကြီးရေကာတာ ကိစ္စအပေါ်၌ ဒေသခံများနှင့် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မှ စစ်ဦးစီးချုပ်များကို မေးမြန်းချက်များလည်း ပါဝင်သည် ကို တွေ့ရသည်။

KNLA၏ ပြောဆိုချက်များအရ BGF နှင့် DKBA တိုက်ပွဲဖြစ်ပွားနေစဉ် BGF က သံလွင်မြစ်အနောက်ဖက် ခြမ်းရှိ KNLA ၏ တပ်မဟာ (၅) နယ်မြေ၌ အခြေချခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ BGF တောင်းဆိုသည့် နေရာများမှာ ထိုတဘတ်ဝေ၊ ကလော့တယ်ထ၊ ပတဲထ၊ ယော်မော်ထ နှင့် မယ်လားကျေးရွာ အနီးတဝိုက် ဖြစ်ပြီး ဟတ်ကြီးရေကာတာ စီမံကိန်းပြုလုပ်မည့် နေရာနှင့် နီးကြောင်း၊ KNLA က ယင်းတောင်းဆိုချက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ပါ အချက်များနှင့် မကိုက်ညီ သဖြင့် ခွင့်မပြုခဲ့ ကြောင်း သိရသည်။

BGF တောင်းဆိုသည့် နယ်မြေများမှာ DKBA တပ်ဖွဲ့များ လှုပ်ရှားမှုမရှိသည့် နယ်မြေများ ဖြစ်ကြောင်းလည်း KNLA က ဆိုထားသည်။

KNLA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက “ဟတ်ကြီး ရေကာတာ စီမံကိန်းကို အကောင် အထည်ဖော်နိုင်ဖို့အတွက် မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်က လမ်း၊ လမ်းအနီးအနားနဲ့ စီမံကိန်း နေရာ ကို အပြည့်အဝထိန်းချုပ်နိုင်မှ ရမယ်”ဟု KRW ကို ပြောဆိုထားသည်။

တပ်မတော်နှင့် BGF တို့က သံလွင်မြစ်အနောက်ဖက်ခြမ်း နယ်မြေများကို စိုးမိုးရန် ကြိုးပမ်းလာခြင်းမှာ အစိုးရ အကောင်အထည်ဖော်နေသည့် NCA နှင့် ကိုက်ညီခြင်း မရှိဘဲ လက်နက်ကိုင်ပဋိပက္ခများကို ပိုမို ဖြစ်ပွားစေနိုင်ကြောင်း  KNLA၏ ပြောဆိုချက်များနှင့် ၎င်းတို့ လေ့လာသိရှိချက်များအရ KRW ကဆိုသည်။

သို့သော် DKBA ကမူ ၎င်းတို့၏ တပ်စခန်းများကို BGF က ထိုး စစ်ဆင်မှုများ ဆက်တိုက်ပြု လုပ်နေသဖြင့် တိုက်ပွဲများ ဖြစ်ရကြောင်း ပြောဆိုထားပြီး၊ BGF ကမူ ၎င်းတို့မှာ ထိုးစစ်ဆင်ခြင်းမရှိကြောင်း DKBA ကသာ စစ်ကြေငြာပြီး တိုက်ပွဲဖန်တီးရခြင်း ဖြစ်ကြောင်း အပြန်အလှန် ပြောဆိုထား သည်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ဟတ်ကြီးရေကာတာစီမံကိန်းကို ထိုင်းကုမ္ပဏီ တခုနှင့် လုပ် ဆောင်ရန် သဘောတူလက်မှတ် ထိုးထားပြီး၊  မြန်မာဘက်မှ International Group Of Entrepreneurs Co.LTD (IGE ) က တာဝန်ယူ ဆောင်ရွက်သွားမည်ဟု သိထားကြောင်း KRW ပြောခွင့်ရသူ  စောသာဘိုး က ပြောသည်။

ဟတ်ကြီးရေကာတာအတွက် မြန်မာနိုင်ငံဘက်မှရရှိမည့် အကျိုးစီးပွားကို မည်သူကမည်မျှရရှိမည်ဟူသည့် အချက်ကို ယခုအချိန်ထိ ကွဲကွဲဲပြားပြား မသိရှိသေးသကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာထား ချက်များမှာလည်း မှားယွင်းနေကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် ရေကာတာ တည်ဆောက်ဖြစ်ပါက စီမံကိန်းဧရိယာရှိ ဒေသခံများသာ ပြောင်းရွှေ့ပေးရမည် မဟုတ်  ပဲ သံလွင်မြစ်အောက်ပိုင်းရှိ ဘားအံ၊ မော်လမြိုင်မြို့များအတွင်းရှိ ဒေသခံများ အပေါ်တွင်လည်း ဆိုးကျိုး သက်ရောက်မှုများရှိနိုင်သည်ဟု စောသာဘိုးက ဆိုသည်။

၎င်းက “ဘားအံ၊မော်လမြိုင်၊ မြစ်ဝှမ်းတလျှောက်မှာ ကျေးရွာတွေ အများကြီးရှိတယ်။အဲ့ဒီဒေသတွေမှာ ဆားငန်ရေတွေ တိုးလာမယ်။ ဒေသက ရေချိုတွေ ဆုံးရှုံးမှုဖြစ်လာပြီး သိန်းပေါင်းများစွာသော လူတွေ ရေချိုရရှိနိုင်မှု ပြဿနာနဲ့ စိုက်ပျိုးမြေ ပျက်စီးတာ ကြုံလာနိုင်မယ်”ဟု မှတ်ချက်ချသည်။

ထို့ပြင် သံလွင်မြစ်အထက်ပိုင်းဖြစ်သည့် ဖာပွန်မြို့နယ်တွင် ငလျင်ကြောရှိသဖြင့် ငလျင်ဒဏ် အန္တရာယ် ကြံု ပါက ရေကာတာပြိုကျခြင်း၊ မြစ်ဝှမ်းပြိုကျခြင်းများ ဖြစ်လာနိုင်ခြင်းကြောင့် ဒေသခံများ၊ သစ်တော များ ပျက်စီးနိုင်သည့်အပြင် တိရစ္ဆာန်များလည်း သေကြေဆုံးရှုံးနိုင်ကြောင်း စောသာဘိုးက ပြောဆိုသည်။

“အဆိုးဆုံး အရင်ဆုံးကြံုရမယ့် Impact ကတော့ ရေကာတာတည်ဆောက်ဖို့ ကြိုးစားနေရင်းနဲ့ မြန်မာနိုင်ငံ က ငြိမ်းချမ်းရေးက လုံးဝပျက်စီးသွားနိုင်တယ်”ဟုလည်း စောသာဘိုးက ဆိုသည်။

KNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီကလည်း ဟတ်ကြီးရေကာတာကို ဆောက်ပါက ဆန့်ကျင် သွားမည်ဟု KRW ကို ပြောဆိုထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုကော်မတီဝင်တဦးကို ဧရာဝတီက မေးမြန်းရာ ၎င်းက “ကျနော်တို့  ဗဟိုကော်မတီထဲမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဆုံးခန်းတိုင်အောင် မရသေးသရွေ့ ကျနော်တို့ ကရင်ပြည်နယ်ကြီးထဲမှာ ကြီးကြီးမားမားစီမံကိန်းတွေကို ကန့်ကွက်သွားဖို့ သဘောတူထားကြပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တပ်မတော်၊ BGF နှင့် DKBA ခွဲထွက်အဖွဲ့တို့အကြား တိုက်ပွဲများကြောင့် မဲသဝေါဒေသ ရှိ ဒေသခံ ၅၀၀၀ ကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးနေရပြီး မိုင်းအန္တရာယ်များကို ကြောက်ရွ့ံသဖြင့် ယနေ့အထိ အိမ်မပြန်နိုင်ကြသေးပေ။

ထို့ပြင် ဟတ်ကြီးရေကာတာ စီမံကိန်းကြောင့် တိမ်းရှောင်နေရသူ ဒေသခံ ၁၀၀၀ ဝန်းကျင်မှာလည်း မြန်မာ-ထိုင်း နယ်စပ်တွင် ခိုလှုံနေရသည်ဟု KRW က ဧရာဝတီကို ပြောသည်။

KRW က လက်ရှိတွင် ဟတ်ကြီးရေကာတာနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းသွားမည် ဖြစ်ပြီး နောက်ပိုင်း တွင် အစိုးရထံသို့ တိုက်တွန်းချက်များလည်း ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading