သတင်း

ဆီအုန်းကုမ္ပဏီများ၏ တရားစဲဲွဆိုမှု ရုပ်သိမ်းရန် ဒေသခံများတောင်းဆို

Want create site? Find Free WordPress Themes and plugins.

စစ်ဘေးဒဏ်ကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs)ကို ဆီအုန်းစီမံကိန်းများအတွင်း ကျူးကျော်သည်ဟု စွပ်စွဲကာ ဆီအုန်းကုမ္ပဏီများက တရားစွဲဆိုထားမှုအား ပြန်လည်ရုပ်သိမ်းပေးရန် ထားဝယ်နှင့်မြိတ်ဒေသခံ IDPs များက တောင်းဆိုလိုက်သည်။

ယနေ့ စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း တွင်ပြုလုပ်သည့် တနင်္သာရီတိုင်းအတွင်းရှိ IDPs များက စစ်ပွဲအလွန်ကာလတွင် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ နှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တရားစွဲဆိုခံရသူ ဌာနေတိုင်းရင်းသားများမှာ တရားရုံးချိန်းတိုင်း မြို့နယ်တရားရုံးသို့ လာရသောကြောင့် အလုပ်အကိုင်ပျက်ကာ မိသားစု စားဝတ်နေရေး ခက်ခဲခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ရခြင်းနှင့် စိုးရိမ်ပူပန်ကြောက်ရွံ့မှုများကို ခံစားနေရကြောင်း တရားစွဲဆိုခံထားရသူ ကျေးဇူးတော်ရွာသား စောမျိုးမင်းက ရှင်းပြသည်။

စောမျိုးမင်းက “ကျနော်တို့ ဘိုးဘွားပိုင်တဲ့မြေနေရာတွေကို တရားဝင် ပြန်ရချင်တယ်။ ကျနော်တို့ အခု ရင်ဆိုင်နေရတဲ့ အမှုကို ပိတ်ပေးဖို့တောင်းဆိုတယ်။ နောက်ပြီီး ကျနော်တို့လို တခြားသော IDPs တွေ ပြန်လာမယ်ဆိုရင်လည်း ခုလိုမျိုးတရားစွဲဆို မခံရစေချင်ဘူး” ဟု ဧရာဝတီကို ပြောသည်။

၁၉၉၂ ခုနှစ်တွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ဖြစ်ပွားခဲ့သည့်စစ်ပွဲကြောင့် ကျေးဇူးတော်ရွာသားများ ရေး- ထားဝယ်လမ်းမကြီးသို့ ပြောင်းရွှေ့ခဲ့ရပြီးနောက် ၂၀၁၂ အပစ်ခတ်ရပ်စဲရေးပြီးကာလတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီ၏ ခွင့်ပြုချက်ဖြင့် မူလရွာဟောင်းနေရာသို့ ရွာသားများ ပြန်လည်ဝင်ရောက် နေထိုင်ခဲ့ကြောင်း၊ ယခုအခါ လူဦးရေ ၁၆၀ ကျော်ရှိကြောင်း ဒေသခံများက ပြောသည်။

မြိတ်မြို့နယ်အတွင်းရှိ ဘန်မဲ့နှင့် တုံးဗျောကျေးရွာနေ ဌာနေတိုင်းရင်းသားများသည် ၁၉၉၇ ခုနှစ်တွင် ရွာတိုက်ပွဲကြောင့် ရွာနှင့် ၅ မိုင်ဝေးကွာသော မြိတ်- တနင်္သာရီကားလမ်းသို့ ပြောင်းရွှေ့ခြင်းခံခဲ့ရပြီး ၂၀၁၂ မှစတင်ကာ ပြန်လည်အခြေချ နေထိုင်ခွင့်ရခဲ့ကာ ယခုအခါ စုစုပေါင်းလူဦးရေ ၉၀၀ ကျော် ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တွင် ရွှေပဒုမ္မာထုတ်လုုပ်မှုလုပ်ငန်းကုမ္ပဏီမှ ထားဝယ်ခရိုင်အတွင်းရှိ ကျေးဇူးတော်ရွာ သား ၄ ဦးကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့်လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၇ ရက်တွင် အေးရှားဝေါလ် (Asia World) ကုမ္ပဏီမှ မြိတ်မြို့နယ်အတွင်းရှိ ဘန်မဲ့နှင့်တုံးဗျောကျေးရွာမှ ရွာသား ၂ ဦးကို ပုဒ်မ ၄၄၇ နှင့် အကျိုးပျက်စီးစေမှု ပုဒ်မ ၄၂၇ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း တရားစွဲဆိုခံရသူများဘက်မှ ရှေ့နေလိုက်ပေးနေသည့် မြိတ်ရှေ့နေကွန်ရက် မှ တရားလွှတ်တော်ရှေ့နေ စဧရာဝင်း က ရှင်းပြသည်။

တရားလွှတ်တော်ရှေ့နေ စဧရာဝင်းက “ရွာသူရွာသားတွေက လျော်ကြေးမလိုချင်ဘူး။ ကိုယ်ပိုင်ဆိုင်တဲ့မြေယာကို ပြန်လိုချင် တဲ့သဘောပဲ။ လျော်ကြေးလည်း အခုအချိန်အထိ တစုံတရာပေးအပ်ခဲ့ခြင်းမရှိတဲ့အတွက် အယုံအကြည်တော့ မရှိတော့ဘူး” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက ယခုဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြထားပြီး သက်ဆိုင်ရာဌာန အသီးသီးထံသို့လည်း ပူးတွဲတင်ပြထားကြောင်း ပြောသည်။

တရားစွဲခံရသူများအား လိုက်လံကူညီပေးသူ တနင်္သာရီမိတ်ဆွေ အဖွဲ့မှ နော်ပီသလောကလည်း မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီအနေဖြင့် လုပ်ပိုင်ခွင့်နှင့် စိုက်ပျိုးပြီးစီးမှုကို ကွင်းဆင်းစစ်ဆေးပြီး မစိုက်နိုင်သည့် မြေများကို မူရင်းပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရန် အစိုးရတာဝန်ရှိသူများမှ ဆောင်ရွက်ပေးစေလိုကြောင်း အကြံပြုသည်။

တနင်္သာရီမိတ်ဆွေအဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အဓိကဆောင်ရွက်ပေးနေသော ထားဝယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်သည်။

ဆီအုန်းလုပ်ကိုင်ခွင့်ရသော ကုမ္ပဏီများအနေဖြင့် ရရှိထားသောဧကများတွင် သတ်မှတ်ထားသည့် ရာခိုင်နှုန်းပြည့်စိုက်ပျိုး ခြင်းရှိမရှိ  အစိုးရက ကော်မတီတရပ်ဖွဲ့ကာ စနစ်တကျပြန်လည်စစ်ဆေးကြီးကြပ်ရမည်ဖြစ်ကြောင်း နေပြည်တော်၊ စိုက်ပျိုး ရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲမှ လက်ထောက်ဦးစီးမှူး ဦးစောမင်းအောင်က ပြောသည်။

ရွာသားများကို တရားစွဲခဲ့သည့် ရွှေပဒုမ္မာထုတ်လုပ်ရေးကုမ္ပဏီသည် ၁၉၉၉ တွင် ဆီအုန်းစိုက်ပျိုးရန် ကျေးဇူးတော်ကျေးရွာအတွင်း ၆၁၁ ဧက၊ ၂၀၀၄ ခုနှစ်တွင် ဧက ၁၂၀၀ ကို ဆီအုန်းတိုးချဲ့ စိုက်ပျိုးရန် ကြိုတင်လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း၊ ၂၀၀၀ ခုနှစ်တွင် အေးရှား ၀ါးလ်ကုမ္ပဏီသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ဘန်မဲ့နှင့် တုံးဗျောကျေးရွာ ဧရိယာအပါအဝင် ဆီအုန်းစိုက်ပျိုးရန် ၉၀၁၂ ဒဿမ ၆၈ ဧက ခွင့်ပြုချက်ရခဲ့သော်လည်း ယခုအချိန်အထိ ရာခိုင်နှုန်းပြည့် စိုက်ပျိုးမှုမရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading