သတင်း

မန္တလေး အသံချဲ့စက်အမှု နေ့စဉ် ရုံးထုတ်ကြားနာနေ

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ ဓမ္မာရုံတခုမှ ဝတ်ရွတ်နေချိန်တွင် အသံချဲ့စက်ကြိုးများကို ဆွဲဖြုတ်ပစ်ခဲ့သည့် နယ်သာလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်ကို တရားရုံးတင်စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

၄င်း နယ်သာလန်နိုင်ငံသား Klaas Hijtema ကို ဗုဒ္ဓဟူးနေ့က မဟာအောင်မြေမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ်ခဲ့သည်။ တရားလိုများဖြစ်သည့် မဟာအောင်မြေမြို့နယ် အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးရုံးမှ အရာရှိများ၊ အခင်းဖြစ် ဓမ္မာရုံမှ ဝတ်ရွတ်အသင်းခေါင်းဆောင်အပါအဝင် တရားလိုပြ သက်သေများကို နေ့စဉ် ဆက်တိုက် စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

ပြီးခဲ့သည့်အပတ် သောကြာနေ့ညတွင် အခင်းဖြစ် ဓမ္မာရုံအတွင်း ဝတ်ရွတ်အသင်းမှ ပရိတ်ရွတ်ဖတ်နေစဉ် ဓမ္မာရုံနှင့် မျက်နှာချင်းဆိုင်ရှိ ဟိုတယ်တွင် တည်းခိုနေသော အဆိုပါ နယ်သာလန် နိုင်ငံသားသည် ဆူညံသည်ဟုဆိုကာ အသံချဲ့စက်ကြိုးများကို ဝင်ရောက် ဖြုတ်ပစ်ခဲ့ကြောင်း၊ ဓမ္မာရုံတွင်း ဝင်ရောက်ချိန်တွင် ဖိနပ်လည်း စီးထားကြောင်း တရားလိုများက ရုံးတော်တွင် ထွက်ဆိုခဲ့ကြသည်။

အဆိုပါ အသက် ၃၀ အရွယ် နယ်သာလန် နိုင်ငံသားကို အလုပ်သမားနှင့် လူဝင်မှု ကြီးကြပ်ရေးဌာနက ဗုဒ္ဓဘာသာနှင့် ရိုးရာထုံးတမ်းဓလေ့ကို နှောင့်ယှက်သည်ဆိုကာ ပြည်ဝင်ခွင့် ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် တရားစွဲဆိုထားသလို၊ ဓမ္မာရုံ ဝတ်ရွတ်အသင်းခေါင်းဆောင်မှလည်း သာသနာညိုးနွမ်းစေမှုပုဒ်မဖြင့် တရားစွဲဆိုထားသည်။

ဗုဒ္ဓဟူးနေ့ အမှုကြားနာချိန်တွင် Klass Haijtema က ၄င်းသည် မြန်မာနိုင်ငံ၏ ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှုတို့ကို နှောင့်ယှက်ရန် တမင်ရည်ရွယ်၍ ပြုမူခဲ့ခြင်း မဟုတ်ကြောင်း၊ ၄င်း၏ အပြုအမူများကြောင့် အနှောင့်အယှက်များ ဖြစ်သွားရသည့်အပေါ် များစွာ စိတ်မကောင်းဖြစ်မိကြောင်း ရုံးတော်တွင် ထွက်ဆိုခဲ့သည်။

“ကျနော် ဒီအဆောက်အအုံကို ဘာသာရေးအဆောက်အအုံဆိုတာ မသိခဲ့ပါဘူး။ အဲဒီညက ကျနော်အရမ်းပင်ပန်းနေတယ်။ ဆူညံသံတွေကြားရတော့ နိုးလာတယ်။ ကလေးတွေ ဆော့နေတယ်ထင်ပြီး အရမ်းစိတ်တိုသွားတာပါ” ဟု ၎င်း၏ ဘာသာပြန်ကတဆင့် ရုံးတော်သို့ ထွက်ဆိုသည်။

“အဲဒါနဲ့ အဲဒီအဆောက်အအုံထဲဝင်သွားပြီး အသံချဲ့စက်ကြိုးတွေ ဖြုတ်ပစ်လိုက်တယ်။”

ဧရာဝတီသတင်းဌာနက တရားခွင်အပြီးတွင် အဆိုပါ ဖြစ်ရပ်နှင့် ပက်သတ်၍ ထပ်မံမေးမြန်းခဲ့သော်လည်း Klaas Haijtema က ဘာမျှထပ်မပြောလိုကြောင်းသာ ပြောခဲ့သည်။

အကယ်၍ Klaas Haijtema သည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် အနည်းဆုံး ထောင်ဒဏ် ၆လမှ အများဆုံး ၅နှစ်အထိနှင့် သာသနာတော် ညှိးနွမ်းစေမှု ပုဒ်မ ၂၉၆ နှင့် ထောင်ဒဏ် ၂နှစ် ကျခံရနိုင်သည်။

၎င်းကို လက်ရှိတွင် မန္တလေး အိုးဘိုထောင်၌ ထိန်းသိမ်းထားသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၉၀ရာခိုင်နှုန်းနီးပါးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာ နေရာများတွင် ဖိနပ်စီးခြင်းနှင့် ဘာသာရေး ဓလေ့ထုံတမ်းများကို လေးစားလိုက်နာမှုမရှိခြင်း၊ ဖျက်ဆီးခြင်းတို့က ဘာသာရေးထိပါးစော်ကားခြင်းအဖြစ် ရှုမြင်ခံရနိုင်သည်။

Klaas Haijtema သည်  ဗုဒ္ဓဘာသာကို အသရေဖျက်မှုအတွက် တရားစွဲခံရသော ပထမဆုံး နိုင်ငံခြားသားမဟုတ်ပါ။ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံတွင် နယူးဇီလန်နိုင်ငံသား ဘားမန်နေဂျာ Philip Blackwood သည် ၄င်း၏ ဘားတွင် လျော့စျေးဖြင့် ရောင်းချမည့် အချိန်အပိုင်းအခြားများကို ကြော်ငြာရန် ဗုဒ္ဓ ရုပ်ပုံအားဒီဂျေ နားကြပ်တပ်ဆင်ထားသည့် ဓာတ်ပုံကို ဖေ့ဘုတ်စာမျက်နှာတွင် ဖြန့်ဝေခဲ့သည်။ ထို့ကြောင့် Philip Blackwood သည် ထောင်ဒဏ် ၂နှစ်ခွဲ ကျခံခဲ့ရပြီး ယခုနှစ်အစောပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

မြန်မာနိုင်ငံတလွှားတွင် ဘာသာရေးနှင့် စီးပွားရေး အခင်းအကျင်းများ၌ အသံချဲ့စက်များ ကျယ်လောင်စွာ အသုံးပြုခြင်းကို ဝေဖန်ခံနေရသော အချိန်တွင် ယခု နယ်သာလန်နိုင်ငံသား အမှုမှာလည်း အချိန်ကိုက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မနက်အစောပိုင်းနှင့် ညနေပိုင်းများတွင် အလှူပွဲများ ပြုလုပ်ခြင်းနှင့် ဘာသာရေး အခမ်းအနားနှင့် ဓလေ့ထုံးတမ်းကိစ္စရပ်များ ဆောင်ရွက်သောအခါ သံယာတော်များနှင့် ၀တ်ပြုသူများမှာ အသံချဲ့စက်များကို လိုအပ်သည်ထက် စူးရှ ကျယ်လောင်စွာ အသုံးပြုခြင်းနှင့် ပတ်သတ်၍ ပြည်သူများ၏ စောဒကတက်မှုများ ရှိနေပါသည်။ ဗလီများမှ မွတ်စလင်ဘာသာဝင် ၀တ်ပြုသူများအား ဝတ်ပြုချိန်အတွက် နိုးဆော်ရာ၌ အသံချဲ့စက်ကို အသုံးပြုကြသည်ကိုလည်း ထောက်ပြဝေဖန်မှုများက ရှိနေသည်။

မြန်မာနိုင်ငံ၏ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေး ဥပဒေအရ အသံချဲ့စက် အသုံးပြုသူများသည် ဒေသခံအာဏာပိုင်ထံမှ ခွင့်ပြုချက်ရရှိရန် လိုအပ်သော်လည်း အထက်ဖော်ပြပါ အခြေအနေများတွင် အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်စေခြင်းကို ဂရုမပြုကြဘဲ၊ အထူးသဖြင့် ဘာသာရေးနှင့် ဆက်နွယ်သော အခင်းအကျင်းများတွင် ထိုစည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု မရှိကြပေ။

Klaas Haijtema ၏သတင်း ထွက်ပေါ်လာသောအခါ လူမှုမီဒီယာတွင် ပျံ့နှံသွားခဲ့ပြီး ဝေဖန်မှုများဖြင့် လူအများ စိတ်ဝင်စားခဲ့ကြသည်။

“အသံချဲ့စက် အသုံးပြုသူတွေအတွက် စည်းမျဉ်းစည်းကမ်းတွေ ပြန်ပြီး သုံးသပ်ဖို့ အချိန်ရောက်ပါပြီ။ ဘယ်သူပဲ ဖြစ်ဖြစ် ဒီဆိုးရွားတဲ့ အသံအနှောက်အယှက်တွေကနေ မလွတ်မြောက်နိုင်ကြဘူး။”ဟု ဖေ့ဘုတ်စာမျက်နှာတွင် ဝေဖန်စာတခုက ရေးသားဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading