သတင်း

မန္တလေးလူထုအတွက် အဓိကလိုအပ်ချက် စစ်တမ်းကောက်မည်

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းငလျင်ကြောနှင့် နီးကပ်စွာတည်ရှိသည့် မန္တလေးမြို့ကို သဘာ၀ ဘေးဒဏ်ခံနိုင်သည့် မြို့တမြို့ အဖြစ် ပြောင်းလဲထူထောင်နိုင်ရန် အဓိက လိုအပ်သည့် အချက်အလက်များကို စစ်တမ်း ကောက်ယူမည် ဖြစ်ကြောင်း နယူးယော့ခ်အခြေစိုက် ရော့ဖယ်လာဖောင်ဒေးရှင်းမှ တွဲဖက်ဒါရိုက်တာ Mr. Horng Dar Lim က ပြောသည်။

“မြို့လူထုအတွက် လိုအပ်နေတဲ့ အချက်အလက်တွေကို စစ်တမ်းကောက်ယူပြီး ထုတ်ပြန်ပါမယ်။ အဲဒီလိုထုတ်ပြန်ချက်တွေက တဆင့် မြို့ကို ကူညီမယ့် မိတ်ဖက်အဖွဲ့အစည်းတွေက ပိုပြီးကူညီချင်လာအောင်၊ သူတို့အကူအညီ တွေက ပိုပြီးထိရောက်တဲ့နေရာတွေမှာ ကူညီနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်” ဟု ၎င်းက ပြောသည်။

ရော့ဖယ်လာဖောင်ဒေးရှင်းမှ စစ်တမ်းကောက်ယူခြင်းနှင့် စီမံကိန်းလုပ်ငန်းစဉ်များအကြောင်း အများပြည်သူသိရှိရန် မီဒီယာများအားခေါ်ယူရှင်းပြရခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့်ယင်းသတင်းစာရှင်းလင်းပွဲတွင် မန်းစည်ပင်၏ လမ်းတံတားဌာနမှုးအဖြစ်လည်း တာဝန်ယူထားသည့် ဦးမျိုးအောင် (CRO) ကပြောပြခဲ့သည်။

ဖောင်ဒေးရှင်းက ပံ့ပိုးထားသည့် ဘေးဒဏ်ခံနိုင်သည့် မြို့ပေါင်း ၁၀၀ ကွန်ရက်တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ရွေးချယ်ခံခဲ့ရသည့် မန္တလေးမြို့အတွက် စီမံကိန်းနှင့်သက်ဆိုင်သည့် မြို့ပြလုပ်ငန်း ၆ ခုကို မြို့နေလူထုထံမှ စစ်တမ်း ကောက်ယူသွားမည်ဖြစ်သည်။

စစ်တမ်းခေါင်းစဉ် ၆ ခုမှာ တန်ဖိုးမျှတအိမ်ရာများ စီမံထားရှိနိုင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှု၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်း၊ ရေကြီးနစ်မြှပ်ခြင်း၊ ကျုးကျော် ကိစ္စတို့ဖြစ်ပြီး Rockefeller Foundation နှင့် UN-Habitat အဖွဲ့အစည်းတို့က မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အဆိုပါစီမံကိန်း၏ Chief Resilient Officer ဦးမျိုးအောင်က ပြောသည်။

“သဘာဝဘေးဖြစ်လာရင် ဘယ်လိုကျော်ဖြတ်မလဲ။ အဲဒီလိုသဘာဝဘေးချင်း၊ အခြေအနေချင်း တူညီတဲ့ ကွန်ရက်ထဲက မြို့တွေကဘယ်လိုဖြေရှင်းကြသလဲဆိုတာကို အခုနည်းပညာပိုင်းဆိုင်ရာ အကူအညီ တွေပေးမယ်။ နောက်ပိုင်း မှာတော့ ငွေကြေးအကူအညီတွေပါလာပါမယ်။” ဟု ဦးမျိုးအောင်က ပြောသည်။

ဘေးဒဏ်ခံနိုင်ရည်ရှိပြီး ပြုပြင်လွယ်သည့် မြို့တော်များ ၁၀၀ ကွန်ရက်ဝင် (100 Resilient Cities) မြို့များအတွက် စီမံကိန်းကို နည်းပညာအကြံဉာဏ်များ ရယူခြင်း၊ လိုအပ်သည့်အချက်အလက်များအား စစ်တမ်းကောက်ယူခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဆိုသည့် အပိုင်း ၃ ပိုင်းရှိပြီး မန္တလေးမြို့အတွက် နည်းပညာအကြံဉာဏ် ရယူခြင်းအပိုင်း ပြီးဆုံးကာ အောက်တိုဘာလမှ စတင်၍ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းကို ၆ လကြာဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မတ်လအထိ စစ်တမ်းများ ကောက်ယူမည်ဖြစ်ရာ မန္တလေးမြို့တော် စည်ပင်နယ်နိမိတ် ၆ မြို့နယ် အတွင်း ကွင်းဆင်းကောက်ခံသွားမည်ဖြစ်ပြီး လက်ရှိတွင် မေးခွန်းများ ပြင်ဆင်ခြင်းအပိုင်းကို ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်တမ်းများ ပြီးစီးသွားပါက ရရှိလာသည့်အချက်အလက်များကို အခြေခံကာ မန္တလေးမြို့အား အကူအညီပေးလိုသည့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများအား ရွေးချယ်ချိတ်ဆက်ကာ မြို့အတွက် ငွေကြေးအထောက်အပံ့နှင့် အကူအညီများ ရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဦးမျိုးအောင်က ရှင်းပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading