သတင်း

ထိုင်းနိုင်ငံ၌ ရွေ့ပြောင်းအလုပ်သမားများအား ဆန့်ကျင်မှုများ မြင့်တက်လာနေ

Want create site? Find Free WordPress Themes and plugins.

အရှေ့တောင်အာရှ၌ ဒုတိယစီးပွားရေးအကြီးဆုံးဟုဆိုသည့် ထိုင်းနိုင်ငံ၏ စီးပွားရေး ရပ်တန့်နေချိန်၌ အိမ်နီး ချင်းနိုင်ငံများ လာရောက်အလုပ်လုပ်ကိုင်သူများကို ဖမ်းဆီးမှုများပြုလုပ်နေပြီး၊ ထိုသူများသည် ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်များ ကို လုယူလုပ်ကိုင်နေသည်ဆိုသော သဘောထားအမြင်များလည်း မြင့်တက်လာနေကြောင်း Reuters သတင်းတရပ်က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့က ဘန်ကောက်မြို့ရှိ ကုန်စိမ်းဈေးတခုကို ထိုင်းအလုပ်သမားဌာန၊ ရဲနှင့် စစ်တပ်တို့ ဦးဆောင်၍ ဝင်ရောက်စီးနင်းရာ ရွေ့ပြောင်းအလုပ်သမား ၁၄ဦးကို ဖမ်းဆီးခဲ့သည်၊ အဖမ်းခံရသူ အများစုမှာ မြန်မာနိုင်ငံ သားများဖြစ်ပြီး၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံသားများလည်း ပါဝင်သည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ Nathorn Phrosunthornက “ဈေးထဲမှာဗီယက်နမ်လူမျိုးတွေ အပါအဝင် တရားမဝင်လာရောက် လုပ်ကိုင်နေသူတွေရှိတယ်လို့ တိုင်ကြားမှုတွေ အများကြီးရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်ကို လုယူနေတဲ့ အထဲမှာ တောင်အာရှနိုင်ငံတွေက လူတွေတောင်ပါလာတယ်” ဟု Reuters သတင်းဌာန သို့ပြောသည်။

၎င်းရွေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသားများ မလုပ်ချင်သည့် အိမ်သန့်ရှင်းရေးကဲ့သို့သော အလုပ်များ ကိုသာ လုပ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော ရွေ့ပြောင်းအလုပ်သမားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ စည်းကမ်းချက်များ အရ ဗီယက်နမ်နိုင်ငံသားများသည် ထိုင်း နိုင်ငံ၌ အလုပ်လုပ်ရာတွင် ကန့်သတ်မှုများ ရှိနေပြီး ငါးဖမ်းလုပ်ငန်း သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ်ကြမ်းသမားများအဖြစ်သာ လုပ်ကိုင်ခွင့်ရှိပါသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော်ရှိရာ အများစုမှာ အိမ်နီးချင်း မြန်မာနိုင်ငံမှ ဖြစ်သည်ဟု International Organization for Migration ၏ အဆိုအရ သိရသည်။

၁၉၈၀ နှင့် ၁၉၉၀ နှစ်များအတွင်းက ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမြင့်တက်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၇ရာခိုင်နှုန်း ကျော်ရှိခဲ့ရာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းစာလျှင် ချမ်းသာကြွယ်ဝလာခဲ့သည့်အတွက် မဟာမဲခေါင်မြစ်ဝှမ်းဒေသများနှင့် အာရှ၏အခြား အစိတ်အပိုင်းများမှ ရွှေ့ပြောင်းအလုပ်သမားများကို ဆွဲဆောင်နိုင်ခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမား အများစုက ထိုင်းလူမျိုးများ မလုပ်ချင်ကြသည့် ငါးဖမ်းလုပ်ငန်းနှင့် ဆောင်လုပ်ရေးလုပ်ငန်း အပါအဝင် အလုပ်ကြမ်းများ လုပ်ကိုင်ခဲ့ကြသည်။

သို့သော်လည်း ၂၀၁၄ခုနှစ် စစ်အစိုးရ အာဏာသိမ်းယူခဲ့ပြီး ၂ နှစ်ကျော်ကြာသည့် အချိန်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးမှာ အားနည်းလာခဲ့ပြီး ထိုင်းနိုင်ငံမှ နိုင်ငံသား အခွင့်အရေးအဖွဲ့အစည်းများကလည်း ရွှေ့ပြောင်းအခြေချသူများကို ဆန့်ကျင် သည့် သဘောထားများကို ထုတ်ဖော်လာခဲ့ကြသည်။

ယင်းမှာ ကမ္ဘာပေါ်ရှိ အခြားနေရာများတွင်လည်း ထိုကဲ့သို့ သဘောထားများ ရှိနေသည်ကို ရောင်ပြန်ဟပ်ခြင်းလည်း ဖြစ်သည်။

“ဥပမာပြရရင် ထိုင်းနိုင်ငံသားတွေ အတွက်ထားတဲ့ အလုပ်တွေကို ဝင်လုပ်နေတဲ့ ဗီယက်နမ်နိုင်ငံက ရွှေ့ပြောင်း အခြေချ သူတွေနဲ့ ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန့်ကျင်တဲ့ သဘောထား တွေ မြင့်တက်လာတဲ့ပုံ ရှိပါတယ်၊ ဆယ်စုနှစ်တွေအတွင်းမှာ ပြည်ပရွှေ့ပြောင်းအခြေချသူတွေပေါ် ဒီလိုမျိုးဆန့်ကျင် တာကို ကျနော်တို့ မတွေ့ခဲ့ဖူးပါဘူး။ ဒါက စီးပွားရေးနဲ့ အများကြီး သက်ဆိုင်ပါတယ်” ဟု Human Rights Watch မှ Sunai Phasuk က Reuters သို့ပြောသည်။

ဘန်ကောက်မြို့ရှိ စီလွန် စီးပွားရေးရပ်ကွက်မှ ဈေးဆိုင်ပိုင်ရှင်တဦး ဖြစ်သည့် Sanit Choklamlertကလည်း ရွှေ့ပြောင်း အခြေချလာသူများကို တချို့သောထိုင်းလူမျိုးများက ပြိုင်ဖက်များ အဖြစ်မြင်လာခဲ့ကြသည်ဟု ပြောသည်။

“အခုဒီမှာ မြန်မာနိုင်ငံသားတွေ အရမ်းများနေပါတယ်။ သူတို့က ကျနော်တို့နဲ့ အလားတူ အလုပ်တွေလုပ်ဖို့ ကြိုးစားနေ ကြတယ်။ တချို့ကို ကျနော်တို့ ပြန်ပို့ဖို့ လိုပါတယ်” ဟု သူကဆိုသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၆ ခုနှစ်တွင် ၃ ရာခိုင်နှုန်းတိုးတက်ရန် ရှိနေပြီး ၂၀၁၅ ခုနှစ်ကမူ တိုးတက်မှုမှာ ၂.၈ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မူ စီးပွားရေးတိုးတက်မှုက ဝ.၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့အကြီးအကဲ Nathorn Phrosunthornကမူ ယခုဖမ်းဆီးမှုများသည် ရွှေ့ပြောင်း အခြေချမှုများကို ဆန့်ကျင်သည့် မူဝါဒဖြင့် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ပြောသည်။
“ကျနော်တို့ ရွှေ့ပြောင်းလုပ်သားတွေကို လိုအပ်နေဆဲပါ။ ကျနော်တို့က ညွှန်ကြားချက်တချို့ကို ထိန်းသိမ်းချင်တာ သက် သက်ပါ” ဟု သူကဆိုသည်။

ဖမ်းဆီးမှုများမှာ ကုန်စိမ်းဈေးများ၊ စားသောက်ဆိုင်များ၊ စူပါမားကက်များနှင့် ရှော့ပင်းမောလ်များကို ဦးတည်ခဲ့ပြီး၊ စက်တင်ဘာ ၁ရက်နေ့မှ ၂၆ရက်အတွင်း ရွေ့ပြောင်းအလုပ်သမား ၁၅၃ ဦးခန့် ဖမ်းမိခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ထောင် ဒဏ် ၅နှစ်အထိနှင့် ထိုင်းဘတ် ၃ထောင်(အမေရိကန်ဒေါ်လာ ၁၀၀ခန့်) သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းလည်း ကြုံတွေ့နိုင် ကြောင်း သိရသည်။

ရွှေ့ပြောင်းအခြေချသူများသည် လူကုန်ကူးဂိုဏ်းများ၏ လက်တွင်းသို့ ရောက်ရှိသွားနိုင်ပြီး စိုက်ခင်းများ၊ သစ်စက်များနှင့် ငါးဖမ်းလှေများတွင် ကျွန်အဖြစ်ရောင်းစားခံရခြင်းများလည်းရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များကပြောကြသည်။

ထိုင်းနိုင်ငံ၏ ပင်လယ်စာလုပ်ငန်းတွင် အဓမ္မခိုင်းစေမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသော်လည်း ၎င်းတို့၏ နှစ်အလိုက် လူကုုန်ကူးမှု အဆိုးဆုံးကျူးလွန်သူများ စာရင်းတွင် ထိုင်းနိုင်ငံကို ယခုနှစ်တွင် အနိမ့်ဆုံးအဆင့်မှ ဖယ်ရှားပေးခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading