သတင်း

ရဲတပ်ဖွဲ့ကို တိုက်ခိုက်၍ မူးယစ်တရားခံကို လုသွားသူ ၉ ဦးကို ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် အင်းတော်ကြီးဒေသတွင် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ မူးယစ်ဆေးဝါး တရားခံဖြစ်သူ ဦးအောင်ကျော်ဝင်းကို လုသွားသူများထဲမှ ၉ ဦးကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း လုံးတုံရဲစခန်းက သတင်းရရှိသည်။

ရဲတပ်ဖွဲ့က ဖမ်းမိထားသည့် ၉ ဦးမှာ တိုက်ခိုက်မှုတွင်ပါဝင်ကြောင်း ဝန်ခံထားပြီး အဓိက တရားခံဖြစ်သည့် ရဲဘက်ပြေး ဦးအောင်ကျော်ဝင်း (ခ) ဘိုးတော်နှင့် ၎င်း၏ သားဖြစ်သူ ကျော်သူဝင်းတို့ကို ဖမ်းဆီးရမိခြင်းမရှိ သေးကြောင်း လုံးတုံရဲစခန်းမှူး ရဲအုပ်ဗျက်ဆန်းက ပြောသည်။

ရဲအုပ် ဗျက်ဆန်းက “အဓိက တရားခံတွေဖြစ်တဲ့ သူတို့သားအဖက KIA တပ်ရင်း ၂၆ လှုပ်ရှားနယ်မြေဖြစ်တဲ့ ဘက်ကိုရောက်သွားပြီကြားတယ်၊ လိုက်ဖမ်းဖို့က အခက်အခဲတွေရှိတယ်၊ ကျနော်တို့ကတော့ ဥပဒေ ဘောင်ထဲကနေ လုပ်သွားမှာပါ”ဟု ဧရာဝတီသို့ပြောသည်။

လက်ရှိဖမ်းဆီး ရမိထားသူများမှာ မိုင်းနောင်ဒေသရှိ ချောင်းဖျားဘက်တွင် ရွှေကျင်၊ ရွှေရှာဖွေသည့် အလုပ်လာ ရောက်လုပ်ကိုင်သူများ ဖြစ်ပြီး မိုင်းနောင်ဒေသခံများအပြင် နေရာစုံမှ ဖြစ်ကြောင်း သိရသည်။

ကျော်သူဝင်း ဦးဆောင်သည့် တုတ်၊ ဓားကိုင်ဆောင်ထားသူ ၂၀ ဦးခန့်မှာ စက်တင်ဘာ ၁၉ ရက်နေ့က မိုင်းနောင်ကျေးရွာအနီး တောထဲတွင် မူးယစ်ဆေးများကို ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ သတင်းအရ ဖမ်းဆီးရမိထားသည့် ဦးအောင်ကျော်ဝင်းကို ပြန်လည်လုယူသွားခြင်းဖြစ်သည်။

တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ဒုရဲမှူး အောင်နိုင်ဦးမှာ ဓားဒဏ်ရာရှိခဲ့ကာ မိုးညှင်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရပြီး ၎င်းထံမှ သေနတ်ကိုပါ တိုက်ခိုက်ခဲ့သူများက ယူသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အတွင်း မူးယစ်ဆေးအချို့နှင့်အတူ BA 109 လက်ပစ်ဗုံး ၂ လုံး ဖမ်းဆီးရမိခဲ့ပြီး ၎င်းဗုံးများ နှင့် ပတ်သက်၍ မည်သို့ရရှိခဲ့ပြီး မည်သည့်အဖွဲ့အစည်းများနှင့် ပတ်သက်သည်ကို ဦးအောင်ကျော်ဝင်းအား ဖမ်းမိမှ အသေးစိတ်သိနိုင်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

တပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လုံးတုံရဲစခန်းမှ ဦးအောင်ကျော်ဝင်းနှင့် တိုက်ခိုက်ခဲ့သူများ အား မူးယစ်ဆေးဝါးမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ တာဝန်ရှိဝန်ထမ်းများကို ထိခိုက်နာကျင်စေအောင် ပြုမူမှု၊ လက်နက်ဥပဒေပုဒ်မ စသည်တို့ဖြင့် အမှုဖွင့်အရေးယူထားပြီး ကျန်ရှိသည့်တရားခံများ ဖမ်းမိရေး ဆောင်ရွက်လျက်ရှိသည်။

မိုင်းနောင်ဒေသဝန်းကျင်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏လှုပ်ရှားနယ်မြေများအတွင်း ပါဝင်နေကြောင်းလည်း ရဲအုပ် ဗျက်ဆန်းကပြောသည်။

ဒေသတွင်းမူးယစ်ဆေးရောင်ဝယ်မှုများ ရှိနေသည့်အတွက် ရွှေရှာဖွေသည့်သူများတွင် သုံးပုံတပုံမှာ မူးယစ်ဆေးသုံးစွဲမှုရှိကြောင်း၊ တဆင့်ခံ မူးယစ်ရောင်းဝယ်မှုအဖြစ် စက်တင်ဘာ ၂၈ ရက်နေ့က အင်းတော်ကြီးကန်လှေဆိပ်တွင် အမျိုးသမီးတဦးထံမှ ဘိန်းဖြူဟုယူဆရသည့် ရွှေဝါရောင်အမှုန့် ၈၉ ဂရမ်ကျော်နှင့် မူးယစ်ဆေးပြား ၁၂၀၅ ပြားကို ဖမ်းမိခဲ့ကြောင်း လုံးတုံရဲစခန်းကသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading