သတင်း

တပ်သားက တပ်ကြပ်ကြီးအား ဓားဖြင့်ခုတ်သတ်မှု ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့အခြေစိုက် အမှတ် ၆၃ ခြေလျင်တပ်ရင်းမှ တပ်သားက တပ်ကြပ်ကြီးတဦးကို ထင်းခုတ်ဓားမဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်မှု စက်တင်ဘာလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသတ်ခံရသူ တပ်ကြပ်ကြီး ဝင်းသန်း က တပ်သား ဇော်ရှင်း ကို ထမင်းချက်ခိုင်းခြင်း၊ အိမ်သာရေဖြည့်ခိုင်းခြင်းများ ညွန်ကြားခိုင်းစေသည့် အတွက် တပ်သား ဇော်ရှင်းက ပြန်လည် ပြောဆိုခဲ့ကြောင်း၊ တပ်ကြပ်ကြီးက တပ်သားကို စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက လက်သီးဖြင့် ထိုးခဲ့ကြောင်း သိရသည်။

၎င်းအပေါ် မကျေနပ်သည့် တပ်သား ဇော်ရှင်းက တပ်ကြပ်ကြီး ဝင်းသန်း အိပ်ပျော်နေစဉ် ထင်းခုတ် သည့်ဓားမဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

“မနက်ပိုင်းမှာ ရဲဘော်လေးကို တပ်ကြပ်ကြီးက ထမင်းချက်ခိုင်းတယ်။ ထမင်းချက်နေတုန်း အိမ်သာရေ ထပ်ဖြည့်ခိုင်းတာကို ကလေးက ခံပြောတော့ တပ်ကြပ်ကြီးနဲ့ စကားများတယ်။ အဲဒီမှာ တပ်ကြပ်ကြီးက လက်သီးနဲ့ထိုးပြီး ဆုံးမလိုက်တယ်။ ကလေးကမကျေနပ်လို့ တပ်ကြပ်ကြီး နေ့ခင်းပိုင်း အိပ်နေတဲ့အချိန် ဓားမနဲ့ခုတ်ပစ်လိုက်တာ”ဟု သူက ပြောသည်။

ထင်းခုတ်ဓားမမှာ အရိုး ၁၀ လက်မ၊ အသွား ၁၂ လက်မခန့်ရှိပြီး တပ်ကြပ်ကြီး ဝင်းသန်းတွင် ဝဲဘက် မျက်လုံးပေါ်မှ ယာဘက်နားစပ်အထိ ၁၀ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ဝဲဘက်မျက်လုံး အောက်မှ ဝဲဘက်နားရွက်အောက်ထိ ၈ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ဝဲဘက်လက်ဖျံ ပြတ်ရှဒဏ်ရာ၊ ဝဲဘက် လက်မောင်းရင်း ၁ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ယာဘက်လည်ပင်း ၁ လက်မခန့် ပြတ်ရှဒဏ်ရာနှင့် ယာဘက်လက်ဖျံ ၂ လက်မခန့်ပြတ်ရှဒဏ်ရာ၊ ပါးစပ်ဝဲဘက်မှ ယာဘက်နား အောက်အထိ ၅ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းအလယ် ၈ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ဝဲဘက်လက်ခလယ်နှင့် လက်သူကြွယ်ပြတ်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ခွဲတပ်ကြပ်ကြီး ဝင်းသန်း၏ ရုပ်အလောင်းကို ပြင်စလူမြို့ ၂၅ ကုတင်ဆန့်ဆေးရုံသို့ ရဲဆေးစာဖြင့်ပေးပို့ထားကြောင်း၊ တပ်သားဇော်ရှင်းအား အရေးယူပေးရန် တပ်ရင်းတာဝန်ခံ ဗိုလ်ကြီး မောင်မောင်၏ တိုင်ကြားချက်အရ ပြင်စလူနယ်မြေရဲစခန်းမှ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

“အစောပိုင်းမှာ ကျနော်တို့ဆီမှာ အမှုလာဖွင့်လို့ ပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ အမှုဖွင့်ပြီး တပ်သား ဇော်ရှင်းကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်။ အခုတော့ သူတို့ တပ်ဥပဒေနဲ့အညီ စစ်ဆေး အရေး ယူမယ်ဆိုပြီး တပ်သားဇော်ရှင်းကို တပ်ကလာခေါ်သွားပါပြီ”ဟု လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

Loading