ပြည်တွင်း ပုဂ္ဂလိက ဘဏ်တချို့က ခေါ်ယူအပ်ငွေ (Call Deposit ) အပေါ်ပေးရသည့် အတိုးနှုန်းများ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ လျှော့ချလိုက်ကြောင်း သတင်းရရှိသည်။
ခေါ်ယူအပ်ငွေ (Call Deposit) ဆိုသည်မှာ ဘဏ်များတွင် အပ်ငွေများကို တရက်တာ သို့မဟုတ် အပ်နှံသည့် ရက်အလိုက် နေ့စဉ် အတိုးနှုန်း ရရှိသည့် စနစ်ဖြစ်ပြီး အဆိုပါ စနစ်ကြောင့် ဘဏ်များတွင် အတိုးရယူရန် လာရောက်အပ်နှံသည့် ငွေကြေးများပြားပြီး အတိုးပေးရသည့် ဝန်ထုပ်ဝန်ပိုးဖြစ်လာရ ကြောင်း ပြည်တွင်းဘဏ်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ကမ္ဘ့ာရတနာဘဏ်မှ တာဝန်ရှိသူတဦးဖြစ်သော ဒေါက်တာ လှညွှန့်က “ဘဏ်တွေမှာေ ခါ်ယူအပ်ငွေ တွေ များ လာလေ အတိုးတွေ များလာပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်။ ဘဏ်ကြီး တွေက ခံနိုင်ရည်ရှိပေမယ့် ဘဏ်သေးတွေက ခံနိုင်ရည်မရှိတာ ကြာပြီ။ ဝန်ထုပ်ဝန်ပိုးဖြစ်တဲ့အတွက် ဒါကို လျှော့ချတာ”ဟု ပြောသည်။
ခေါ်ယူအပ်ငွေ ( Call Deposit )အတွက် ဘဏ်များက နေ့စဉ်ပေးသည့် ဘဏ်အတိုးနှုန်းသည် ဘဏ်အလိုက် ကွဲပြားခြားနားမှု ရှိကြောင်း၊ အထူးသဖြင့် ဘဏ်များအကြား အပ်နှံငွေ များပြားလာစေရန် အပြိုင်အဆိုင် ဆွဲဆောင်ကြရာမှ ယင်းစနစ် တွင်ကျယ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ကမ္ဘောဇဘဏ်အကြီးတန်း မန်နေဂျင်းဒါရိုက်တာ တဦးဖြစ်သူ ဦးသန်းချိုက “ခေါ်ယူအပ်ငွေ အပေါ် အတိုးလျှော့တဲ့ ဘဏ်လည်းလျှော့တယ်။ မလျှော့တဲ့ဘဏ် လည်း မလျှော့ဘူး။ သောကြာနေ့ ညနေ လာအပ်တယ်။ တနင်္လာနေ့ မနက်အစောကြီး လာထုတ်သွားတယ်။ ဘဏ်က ဒီငွေအပေါ်မှာ ဘယ်လို သွားသုံးမှာတုန်း။ ၂ ရက် လာထားတော့ ဘဏ်က အတိုးသာ ပေးလိုက်ရတယ် သုံးလည်း မသုံး လိုက်ရဘူး။ ဘဏ်ရဲ့သဘာဝက အပ်ငွေကို ပြန်အသုံးချချင်တာ။ပြန်အသုံး မချနိုင်ရင်တော့ ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ ဒါနဲ့ ပတ်သက်လို့စိတ်ပျက်တာပေါ့လေ”ဟု ပြောသည်။
မြန်မာအရှေ့တိုင်းဘဏ်၊ ကမ္ဘာ့ရတနာဘဏ် အပါအဝင် ပုဂ္ဂလိက ဘဏ်တချို့က ခေါ်ယူအပ်ငွေ အပေါ် အတိုးနှုန်းလျှော့ချသော်လည်း ကမ္ဘောဇဘဏ်ကဲ့သို့သော အင်အားကြီးဘဏ်များတွင် ခေါ်ယူအပ်ငွေ (Call Deposit )အပေါ်ပေးနေသည့် အတိုးနှုန်း အပေါ် လျှော့ချခြင်း မရှိကြောင်း သိရှိရသည်။
ခေါ်ယူအပ်အပ်ငွေ (Call Deposit) အတွက် ရရှိသောဘဏ်အတိုးနှုန်းသည် သိန်း ၁၀၀ အထက်လျှင် ၈ ရာခိုင်နှုန်း၊ သိန်း ၁၀၀ အောက်တွင် ၄ ရာခိုင်နှုန်းဖြင့် ဘဏ်အများစုက ဈေးကွက်ပြိုင်ဆိုင်မှုအနေဖြင့် အပ်ငွေ တိုးလာစေရန် ဆွဲဆောင်သည့် အနေဖြင့် ပေးခဲ့ကြကြောင်း၊ ယခုအခါ ယင်းသို့ပေးရသည့် ဘဏ်အတိုးနှုန်းသည် ဝန်ထုပ်ဝန်ပိုး ဖြစ်လာခြင်းကြောင့် ဘဏ်အချို့က သိန်း ၁၀၀ အထက် ၆ ရာခိုင်နှုန်း၊ သိန်း ၁၀၀ အောက် ၄ရာခိုင်နှုန်းသို့ ပြန်လည် လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင် တဦးဖြစ်သူ ဦးမျိုးမြင့်က “Call Deposit အပေါ် အတိုးနှုန်းလျှော့ချတာ စိတ်ထဲ သိပ်ဘာမှ မဖြစ်ပါဘူး။ အဓိကကချေးငွေရော စုငွေရောပါ အတိုးလျှော့တာ လုပ်စေချင်တယ်။ ဒါက ချေးငွေအပေါ်မှာ အပေါင်ပစ္စည်းလည်း ပေးရတယ်။ အတိုးက ၁၂ ရာခိုင်နှုန်း။ အခြား အာမခံနဲ့ပေါင်းရင် ၁၃ရာခိုင်နှုန်းဖြစ်နေတယ်”ဟု ပြောသည်။
ခေါ်ယူအပ်ငွေ (Call Deposit ) စနစ်ကို ဗဟိုဘဏ်က ၂၀၀၃ ခုနှစ်တွင်ရပ်ဆိုင်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြန်လည် လုပ်ကိုင်ခွင့် ပြန်လည် ခွင့်ပြုခဲ့ကြောင်း၊ ခေါ်ယူအပ်ငွေ သည် ဘဏ်များတွင် အပ်ငွေတိုးလာစေပြီး စီးပွားရေးလုပ်ငန်းများကို ဘဏ်များက ချေးငွေထုတ်ပေးခြင်းစသည့် ငွေကြေးလည်ပတ်မှုကို ဖြစ်ပေါ်စေရန်ဖြစ်ကြောင်း၊ ဘဏ်များတွင် ငွေလည်ပတ်စီးဝင်နေပါက ငွေကြေးဖောင်းပွမှုကို လျှော့ကျနိုင် ရန် အတွက် ရည်ရွယ်ခြင်းလည်း ပါဝင်ကြောင်း သိရှိရသည်။