ရှမ်းပြည်နယ်၊ မုန်းကိုးမြို့နယ်၊ ပူဝမ်ကျေးရွာတွင် ယနေ့ နံနက် ၆ နာရီခန့် က လက်နက်ကြီးကျည်ကျရောက်မှု ကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သတင်း ရရှိသည်။
တပ်မတော်က ပစ်ခတ်လိုုက်သည်ဆိုုသော လက်နက်ကြီးကျည်ကြောင့် မန်ရှန်ဇုန်းမျှော် အသက် ၂ နှစ်၊ လဂွေ ဘောမ်လန်း အသက် ၆နှစ် တို့မှာ ဝမ်းဗိုက်ပွင့်ထွက်သေဆုံးသွားပြီး လဂွေတိန့်ကျန်း အသက် ၅ နှစ်နှင့် သက်ကြီးရွယ်အို အဘွားတဦးမှာ တရုတ်နိုင်ငံ၊ မန်ရှီဆေးရုံသို့ ပို့ထားရကြောင်း သိရှိရသည်။
ဧရာဝတီက တပ်မတော်က ပစ်ခတ်သည်ဆိုုသော လက်နက်ကြီးကျည်နှင့်ပတ်သက်၍ တပ်မတော်ထံသိုု့ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
လက်နက်ကြီးကျည် ကျရောက်သော ကျေးရွာသည် အိမ်ခြေ ၃၀ ကျော် ရှိသော ပူဝမ်ကျေးရွာဖြစ်ပြီး လူဦးရေ ၂၀၀ ကျော် နေထိုုင်ကြောင်း သိရှိရသည်။
စစ်ဘေးရှောင် ပူဝမ်ကျေးရွာ ဒေသခံများနှင့် အဆက်အသွယ် ရှိနေသည့် ဒုုက္ခသည်များ ကူညီရေး Wunpawng Ninghtoi အဖွဲ့မှ တာဝန်ခံ ဒေါ်မေရီတောမ်က “ ၂နှစ်သမီးလေးက အူတွေထွက်ပြီး အသက်ထွက်သွားတယ်။ နောက် ၄ နှစ်သမီး လေးလည်း ထိတယ်။ အဘွားကြီး တယောက်လည်း ထိတယ်။ သူက အခြေအနေ တော် တော် ဆိုး တဲ့အတွက် မန်ရှီဆေးရုံကို အခုပို့ထားတယ်”ဟု ပြောသည်။
ပူဝမ်ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ တပ်မဟာ(၄) လက်အောက်ခံ ၊ တပ်ရင်း ၃၆ ၏ လုံခြုံရေးနယ်မြေ၊ တပ်စခန်းများ ရှိသော်လည်း ယခင်ရက်များက တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း၊ ယနေ့ မြေပြင်တိုုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်ဟုု သိရှိရကြောင်း KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီသိုု့ ပြောသည်။
ဒုဗိုလ်မှူးကြီး နော်ဘူက “ မုန်းကိုး-ဖောင်းဆိုင်ဘက်က ပူဝမ်ဆိုတဲ့ရွာမှာ တပ်မတော်က ပစ်လိုက်တဲ့ လက်နက်ကြီး ကြောင့် ကလေးတွေ ဒဏ်ရာရတယ်လို့ ကြားတယ်။ ကျနော်တို့နဲ့က အရင်က တိုက်ပွဲမရှိဘူး။ ဒီနေ့တော့ မြေပြင်မှာ တိုက်ပွဲပြန်ဖြစ်တယ်လို့ သတင်းရပါတယ်”ဟု ပြောသည်။
လိုင်ဇာမြို့အနီး ၊ ဝိုင်းမော်မြို့နယ်၊ အင်ခရမ်တောင်ကုန်း- တပ်ရင်း ၂၅၂ နေရာ တွင် မြန်မာ့တပ်မတော်နှင့် KIA တိုု့ ယနေ့ နံနက်ပိုုင်း တိုုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊ စက်တင်ဘာလ အစောပိုင်းမှ စ၍ တပ်မတော်နှင့် KIA မှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွား လျက်ရှိပြီး တိုက်ပွဲဖြစ်ပွားရခြင်းမှာ တပ်မ တော်က ထိုးစစ်လာဆင်ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။