သတင်း

တောင်တရုတ် ပင်လယ်အရေး AIPA ညီလာခံတွင် မဆုံးဖြတ်နိုင်ခဲ့

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ ပါလီမန်များဆိုင်ရာ ညီလာခံ (AIPA) တွင် ထိုင်းနိုင်ငံက တင်သွင်းသည့် ပင်လယ်ရေကြောင်း လုံခြုံရေး ပူးပေါင်း မြှင့်တင်ရန်နှင့် ရေသယံဇာတများ ကာကွယ်ရေး မြင့်တင်ရန် ဆိုသည့် စာတမ်း အောက်တွင် တောင်တရုတ်ပင်လယ် အရေးကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

“အာဆီယံမှာ ထိုင်းက တင်သွင်းတဲ့ ပင်လယ်ရေကြောင်း လုံခြုံရေး ပူးပေါင်း မြှင့်တင်ရန်ဆိုတဲ့ ကိစ္စမှာတော့ ထည့်သွင်း ဆွေးနွေးတာမျိုး ရှိပါတယ်။ ဆွေးနွေးတဲ့ အထဲမှာတော့ ပါတယ်။ ဆုံးဖြတ်တဲ့ အထဲမှာတော့ ထည့်သွင်းဖို့ မလိုဘူးလို့ ယူဆတဲ့အတွက် ဆုံးဖြတ်တဲ့အထဲမှာ မပါပါဘူး” ဟု ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းက ပြောသည်။

AIPA တွင် နိုင်ငံရေးဆွေးနွေးမှု ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဝါးခယ်မ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သိန်းက တောင်တရုတ်ပင်လယ် ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း၊ မြန်မာက ပြည်တွင်း ပြည်ပ စိန်ခေါ်မှုများကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းရေး ဆိုသည့် စာတမ်းတစောင် တင်သွင်းခဲ့ကြောင်း စက်တင်ဘာလ ၂ ရက်နေ့က AIPA ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောသည်။

တရုတ်နှင့် အာဆီယံ နိုင်ငံတချို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ် အရေးကိစ္စကို သက်ဆိုင်သည့် အာဆီယံ နိုင်ငံများက အရေးတယူလုပ် ဆွေးနွေးချင်သော်လည်း တရုတ်နိုင်ငံနှင့် မိတ်မပျက်ချင်သော မြန်မာအပါအဝင် နိုင်ငံတချို့က အကျယ်တဝင့် ဆွေးနွေးရန် သဘောမတူသည့်အခါ ယခုအရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချနိုင်မည်ဟု မထင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ဧရာဝတီသို့ ပြောသည်။

“တောင်တရုတ် ပင်လယ်ကိစ္စမှာတော့ တရုတ်နဲ့ ပြဿနာရှိတဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား တို့ကတော့ သူတို့ကို ထောက်ခံမှု ပေးပြီး တရုတ်ကို ဆန့်ကျင်ချင်မှာပဲ။ ဒါပေမယ့် တရုတ်နဲ့ ပြဿနာ မတက်ချင်တဲ့ မြန်မာနဲ့ မလေးရှားလို နိုင်ငံတွေကတော့ တရုတ်ကို သွားပြီး ရန်စတဲ့ လုပ်ရပ်မျိုးကို လုပ်ချင်မှာ မဟုတ်ဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးဖြစ်သူ ဦးရဲထွန်းက ပြောသည်။

အာဆီယံ၏ သဘော သဘာဝအရ ကြေညာချက်တခု ထုတ်ပြန်မည် ဆိုပါက အဖွဲ့ဝင် အားလုံး၏ သဘော တူညီချက်ဖြင့်သာ ထုတ်ပြန်၍ ရသဖြင့် တရုတ်ကိစ္စကို သီးသန့် ကြေညာချက် ထုတ်ပြန်ခြင်းမျိုး အာဆီယံက မလုပ်နိုင်ကြောင်း၊ ထို့ကြောင့် AIPA သည် အတွေ့အကြုံဖလှယ်ခြင်း၊ ဒေသတွင်း ဖြစ်ပေါ်နေသည့် Issues များ အပေါ်တွင် အသိအမြင် ဖလှယ်ခြင်းမျိုးသာ လုပ်နိုင်မည်ဖြစ်ကြောင်း သူက သုံးသပ်သည်။

AIPA ကို ဦးဆောင်ကျင်းပသူများကမူ မြန်မာနိုင်ငံသည် ယခုညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ညီလာခံတွင် စည်းရုံးရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အမျိုးသမီးရေးရာနှင့် ကြေညာချက် ထုတ်ပြန်ရေးအတွက် ပူးပေါင်း ဆွေးနွေးခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဒေသတွင်း အာဆီယံနိုင်ငံများက ချီးကျူးခဲ့သည်ဟု AIPA ၏ စည်းရုံးကော်မတီ ခေါင်းဆောင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက ပြောသည်။

“AIPA က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ပြည်သူကို ကိုယ်စားပြုမှု ပိုရှိပါတယ်။ အခု ကော်မတီ ၆ ခုကို ဦးဆောင်ရာမှာ မြန်မာနိုင်ငံကပဲ ဦးဆောင်တဲ့အတွက် မြန်မာနဲ့ အာဆီယံက လွှတ်တော် ကိုယ်စားလှယ်တွေ ထိတွေ့ခွင့် ရရှိခဲ့ပါတယ်။ အချိန်တိုတိုအတွင်းမှာ ဒီလိုပွဲမျိုးကို အောင်မြင်အောင် ကျင်းပနိုင်ခဲ့တဲ့အတွက် တက်လာသူတွေ ကိုယ်တိုင်က ချီးကျူးကြတာပါ” ဟု မန္တလေးတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက ပြောသည်။

Cyber Security နှင့် ပတ်သက်၍ အာဆီယံနိုင်ငံ အချင်းချင်း ပိုုမို ပူးပေါင်းဆောင်ရွက်ရေး ကိစ္စကို ဗီယက်နမ်နိုင်ငံက တင်ပြရာ အားလုံးက ညီညီညွတ်ညွတ်ဖြင့် ဆုံးဖြတ် အတည်ပြုနိုင်ခဲ့ခြင်း၊ ထိုင်းနိုင်ငံက တင်သွင်းသည့် ပင်လယ်ရေကြောင်း လုံခြုံရေး ပူးပေါင်း မြင့်တင်ရန်နှင့် ရေသယံဇာတများ ကာကွယ်ရေး မြင့်တင်ရန်ဆိုသည့် အဆိုကိုလည်း အားလုံး ဝိုင်းဝန်းဆွေးနွေးပြီး ဆုံးဖြတ်နိုင်ခဲ့ခြင်းတို့သည် အိမ်ရှင် မြန်မာနိုင်ငံနှင့် အာဆီယံ၏ အောင်မြင်မှု ဖြစ်သည်ဟု မြန်မာ ကိုယ်စားလှယ်များက ပြောသည်။

“မဆုံးဖြတ်နိုင်ဘဲ ရှေ့ AIPA ညီလာခံကို ဆုံးဖြတ်ဖို့ ရွေ့လိုုက်တဲ့ ကိစ္စကတော့ အာဆီယံက အမြဲတမ်း ကိုယ်စားလှယ်တွေနဲ့ အာဆီယံဆိုင်ရာ သံအမတ်တွေက ဒီညီလာခံကို ကူညီထောက်ပံ့ပေးတာကို တရားဝင် လက်ခံဖို့၊ တရားဝင် အတည်ပြုဖို့ဆိုတဲ့ အဆိုက နည်းနည်း ကျယ်ပြန့်တဲ့အတွက် ရှေ့လာမယ့် ၃၈ ကြိမ်မြောက် ဖိလစ်ပိုင် ညီလာခံကို ရွေ့လိုက်ပါတယ်” ဟု လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးဇော်သိန်းက ပြောသည်။

အမျိုးသမီး ကဏ္ဍတွင်လည်း အာဆီယံ ဒေသတွင်း အမျိုးသမီးများကို လူမှုကာကွယ် စောင့်ရှောက်မှု လုပ်ငန်းများ ပိုပေးရန်နှင့် ရွှေ့ပြောင်း လုပ်သားများအတွက်လည်း လုပ်သားများ ကိုသာမက မိသားစုဝင်များကိုပါ ကာကွယ် စောင့်ရှောက်နိုင်ရန်၊ အာဆီယံ နိုင်ငံအတွင်း တူညီသော လုပ်အားအတွက် တူညီသော လုပ်ခလစာ ရရှိရန် ဆောင်ရွက်မည်ဟု သဘောတူညီခဲ့ကြသည်။

အာဆီယံ ဒေသတွင် ပျံ့နှံ့နေသည့် ဇီကာ ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဒေသတွင်း နိုင်ငံအားလုံးတွင် Public Health Alert Center ထူထောင်ရေး၊ သတင်း အချက်အလက် ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး တို့အတွက် သဘော တူညီခဲ့ကြကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading