ကရင်ပြည်နယ်အတွင်းရှိ ဟတ်ကြီးရေကာတာ စီမံကိန်းအနီးတွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်များ စစ်ရေးလှုပ်ရှားမှုများကြောင့် တနိုုင်ငံလုုံးအပစ်အခတ် ရပ်စဲရေးစာချုပ်ကိုု ထိခိုုက်ပျက်ပြားအောင် ခြိမ်းခြောက်နေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပြောဆိုုလိုုက်သည်။
KNLA သည် အင်အား အကြီးမားဆုုံး ကရင်လက်နက်ကိုုင် အဖွဲ့အစည်းဖြစ်ပြီး ယခင်အစိုုးရနှင့် ၂၀၁၅ တွင် တနိုုင်ငံလုုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးထိုုးထားသည့် ကရင်အမျိုုးသားအစည်းအရုုံး၏ လက်နက်ကိုုင် တပ်ဖွဲ့ ဖြစ်သည်။
“အကယ်၍ ကျနော်တု့ိ့ နယ်မြေထဲကို ဖြတ်မယ်ဆိုရင် တိုက်ပွဲဖြစ်မှာပဲ” ဟု KNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ကရင်အခြေစိုက် လူမှုအဖွဲ့အစည်းများ ကွန်ရက်ဖြစ်သော Karen Rivers Watch ကိုပြောသည်။
ဟတ်ကြီးရေကာတာသည် ကရင်ပြည်နယ် သံလွင်မြစ်ပေါ် တည်ဆောက်မည်ဖြစ်ပြီး ၎င်းဒေသတဝိုုက်တွင် ကေအန်အယ်အေ တပ်မဟာ ၅ တပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာများလည်း ပါဝင်သည်။ အဆိုုပါ လျှပ်စစ်စီမံကိန်းသည် တပ်မဟာ ၅ တပ်ဖွဲ့များက ဆန့်ကျင်သည့်အတွက် တည်ဆောက်မှု နှောင့်နှေးစေခဲ့သည်။
သံလွင်မြစ်ပေါ်ရှိ ဟတ်ကြီးရေကာတာ အနီးတွင် နေထိုင်ကြသော ဒေသခံရွာသားများမှာ စစ်တပ်၏ လှုပ်ရှားမှုများ၊ စစ်ကြောင်းများ ဖြန့်ချထားခြင်း တို့ကို တွေ့မြင်ရသည့်အတွက် ၎င်းတို့၏ နေအိမ်မှ စွန့်ခွာထွက်ပြေးကြရသည်ဟု နယ်ခြားအခြေပြု ကရင် သတင်းရင်းမြစ်များက ဆိုသည်။
တပ်မတော် ကျောထောက်နောက်ခံပေးထားသော နယ်ခြားစောင့်တပ်နှင့် KNLA တပ်များအကြား တိုုက်ပွဲပွားမည်ကိုု စိုုးရိမ်ပြီး ထွက်ပြေးရခြင်းဖြစ်ကြောင်း Karen Rivers Watch မှ ပြောရေးဆိုုခွင့်ရှိသူ ဆာမူး က ပြောသည်။
မကြာသေးမီက မြိုင်ကြီးငူနှင့် မယ်သဝေါ ဒေသများတွင် မြန်မာတပ်မတော်နှင့် ကရင်နယ်ခြားစောင့် တပ်ဖွဲ့များက ကရင်လက်နက်ကိုုင်တပ်ဖွဲ့တခုုဖြစ်သည့် ဒီကေဘီအေ ခွဲထွက်အဖွဲ့ကိုု ထိုုးစစ်ဆင် တိုုက်ခိုုက်ခဲ့သည့်အတွက် ဒေသခံရွားသား ၄၀၀၀ ကျော် အိုုးအိမ်စွန့် ထွက်ပြေးပုုန်းရှောင် နေရသည်။
“တပ်မတော်နဲ့ BGF တပ်ဖွဲ့တွေက ရွာသားတွေကို သူတို့ရဲ့ ရွာတွေကနေ ထွက်သွားခိုင်းတယ်လို့ ဒေသခံရွာသားတွေက ပြောတယ်။ ရွာသားတွေကလည်း တိုက်ပွဲထပ်ဖြစ်မှာ ကြောက်လို့ သူတို့နေရပ်ကနေ ထွက်ပြေးလာခဲ့ရတယ်။ တပ်မတော်နဲ့ BGF တပ်ဖွဲ့တွေ ဟတ်ကြီးဆည် ဘက်ကို ဦးတည်လှုပ်ရှားနေတာကိုု ရွာသားတွေ တွေ့တယ်။ ရွာသားတွေက သူတို့ရဲ့ လုံခြုံမှုအတွက် ထွက်ပြေးလာကြတာပါ” ဟု ဆာမူးက ပြောသည်။
KNLA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲကလည်း BGF နှင့် တပ်မတော် စစ်ကြောင်းများ သံလွင်မြစ် အနောက်ဖက်ကမ်းသို့ ဦးတည် လှုပ်ရှားလာခြင်းဟာ NCA ပါ စည်းမျဉ်းစည်းကမ်းများကိုု ဝိရောဓိ ဖြစ်စေပြီး တင်းမာမှုများ တစတစ တိုးပွားလာကာ တိုက်ပွဲဖြစ်ပွားရန် အန္တရာယ်များကြောင်း ပြောသည်။
ထိုဒေသတွင် တပ်မတော်၏ လှုပ်ရှားမှုမှာ ဟတ်ကြီးရေကာတာအား ထိန်းချုပ်ရန် ကြိုးပမ်းမှုတခုဖြစ်သည်ဟု ယုံကြည်ကြောင်း ထိုသို့ ဆောင်ရွက်ရန် တပ်မတော်အနေဖြင့် လမ်းနှင့် စီမံကိန်းဆောက်လုပ်မည့် ပတ်ဝန်းကျင် ဧရိယာကို အပြည့်အ၀ ထိန်းချုပ်ရန် ကြိုးစားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ပြောသည်။
DKBA ခွဲထွက်အဖွဲ့ကို သုုတ်သင်ရှင်းလင်းရေး စစ်ဆင်ရေးကိုု အသုုံးပြုပြီး တပ်မတော်သည် ဟတ်ကြီးရေကာတာပတ်ဝန်းကျင် ဒေသကို ပိုမို ထိန်းချုပ်ရန် ကြိုးစားနေသည်ဟုု Karen Rivers Watch အဖွဲ့ကပြောသည်။
ထိုဒေသတွင် တပ်မတော် တပ်ဖွဲ့ ချထားခြင်းက ကရင်ပြည်နယ်တွင် ၎င်းတို့၏ ထိန်းချုပ်မှုများ ပိုမိုခိုင်မာလာစေရန်ဟု ထင်မြင်ကြောင်း KNLA ၏ သတင်းအရင်းအမြစ်များက ပြောသည်။
“DKBA ခွဲထွက်တပ်ဖွဲ့တွေ အခြေမချတဲ့ ကျနော်တို့ တပ်မဟာ ၅ ပိုင်နက်ထဲက ဒေသ ၅ခုကို အခြေချဖို့ BGF က တောင်းဆိုခဲ့ပါတယ်” ဗိုလ်ချုပ်ကြီးဘောကျော်ဟဲကပြောသည်။
အဆိုပါ ဒေသ ၅ ခုမှာ ဟတ်ကြီးရေကာတာ အနီးတွင် တည်ရှိသော ထိုတဘတ်ဝေ၊ ကလော့တယ်ထ၊ ပတဲထ၊ ယော်မော်ထ နှင့် မယ်လားကျေးရွာတို့ဖြစ်သည်။
အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆ ဘီလီယံ တန်ဖိုးရှိသော ဟတ်ကြီးရေကာတာ စီမံကိန်းကို တရုတ်ကုမ္ပဏီတခုဖြစ်သော Sinohydro Corporation နှင့် ထိုင်းကုမ္ပဏီတခုဖြစ်သော Electricity Generation Authority of Thailand (EGAT)။ အဆိုပါ ကုမ္ပဏီ ၂ခုမှာ ၂၀၀၆ခုနှစ်တွင် လျှပ်စစ်ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဟတ်ကြီးရေကာတာမှာ လျှပ်စစ် မဂ္ဂါဝပ် ၁၃၀၀ ထွက်ရှိမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့သွားမည် ဖြစ်သည်။