ရပ်ကွက်နှင့် ကျေးရွာများအတွင်း အသံချဲ့စက် ဖွင့်လိုသူများအနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက် ရရှိရန် လိုအပ်ပြီး လိုက်နာခြင်း မရှိပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ ပြစ်ဒဏ်များ ခံရမည် ဖြစ် ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ရဲမှူးကြီး ဇော်ဝင်းအောင်က ဧရာဝတီသို့ ပြောသည်။
ရဲမှူးကြီး ဇော်ဝင်းအောင်က “သာမာန် ဆောင်းဘောက်လောက်နဲ့ ဖွင့်တာကတော့ အများပြည်သူကို မထိခိုက်ဘူးဆိုရင် ရ တယ်။ ပတ်ဝန်းကျင်ကို ထိခိုက်ပြီး အသံကျယ်တဲ့ဟာမျိုးကတော့ ခွင့်ပြုချက် ပါမစ် လိုပါတယ်။ အသံချဲ့စက် ဖွင့်မယ်ဆိုရင် ခွင့်ပြုချက် လိုပါတယ်။ ကိုယ့်ဘာသာ အကျယ်ကြီး ဖွင့်ချင်တိုင်း ဖွင့်လို့ မရပါဘူး။ မလိုက်နာရင် ဥပဒေအရ ပြစ်ဒဏ်တွေ လည်း ရှိပါတယ်”ဟုလည်း ပြောဆိုသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေတွင် အသံချဲ့စက်ဖွင့်မည့် ကာယကံရှင်က ဖြစ်စေ၊ အဖွဲ့အစည်းက ဖြစ်စေ၊ အသံချဲ့စက် ငှားရမ်းသူ ပိုင်ရှင်က ဖြစ်စေ၊ အကျိုးအကြောင်းနှင့် အသံချဲ့စက် ဖွင့်လိုသည့်ရက်နှင့် အချိန်ကို ဖော် ပြ ၍ ၃ ရက် ကြိုတင် လျှောက်ထားရမည် ဖြစ်ပြီး လိုက်နာခြင်း မရှိလျှင် ကျပ် ၅၀၀၀ ထက်မပိုသော ငွေဒဏ် ကျခံရမည် ဖြစ်ကြောင်း၊ ငွေဒဏ် မဆောင်နိုင်ပါက ၇ ရက်ထက် မပိုသည့် ထောင်ဒဏ် ကျခံရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
“အခမ်းအနားတခုခု လုပ်မယ်ဆိုရင် ခွင့်ပြုချက်ရဖို့ စာတင်ရတယ်။ ရပ်ကွက်/ကျေးရွာကနေပြီးတော့ ခွင့်ပြုလို့ရရင် ခွင့်ပြု မယ်။ သူခွင့်ပြုလို့ မရတဲ့ အခမ်းအနားမျိုးဆိုရင် မြို့နယ်ကို ဆက်တင်ပြတာမျိုး လုပ်လိမ့်မယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက လည်း ခွင့်ပြုလို့ရရင် ခွင့်ပြုနိုင်တယ်။ ဒါပေမယ့် လူမှုရေးလား၊ နိုင်ငံရေးလား ဆိုတာကို ကြည့်ပြီး ဆုံးဖြတ်မှာ”ဟု ရဲမှူးကြီး ဇော်ဝင်းအောင်က ပြောသည်။
မကွေးတိုင်းဒေသကြီးတွင် အစိုးရအဖွဲ့ဝင်တဦး ဖြစ်သူ ဦးနေမျိုးကျော်ကမူ ယခင် အစိုးရလက်ထက်က ပြဌာန်းခဲ့သည့် ယခု ဥပဒေတွင် အုပ်ချုပ်ရေးမှူးများကို လုပ်ပိုင်ခွင့်ပေးထားသော်လည်း နိုင်ငံရေးနှင့် ပတ်သက်သူများကိုသာ ယခုဥပဒေပါ ပုဒ်မများ အသုံုးချ၍ အရေးယူခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။
“တခေတ်တခါက နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေကို အစိုးရက ဒီအသံချဲ့စက် ပုဒ်မနဲ့ တရားစွဲတာ ကျနော်ခံခဲ့ရဖူး တယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကလည်း ကိုယ်နဲ့ အလွှမ်းသင့်တဲ့သူဆိုရင် ဘယ်လောက်ဖွင့်ဖွင့် အရေးမယူဘဲ ကိုယ် နဲ့ အဆင်မပြေတဲ့သူကိုတော့ အရေးယူနေတာမျိုးတွေကတော့ မမျှတဘူးလို့ ပြောရမှာပဲ”ဟုလည်း သူက ပြောဆိုသည်။
ပြည်သူလူထုကလည်း ဆူညံသံတွေကို မခံစားနိုင်ပါက သက်ဆိုင်ရာသို့ တိုင်ကြားရန် လိုအပ်ကြောင်း၊ တရားဥပဒေ စိုးမိုး ရေး အတွက် ဝိုင်းဝန်း ဆောင်ရွက်သည့် အနေဖြင့် အသံဆူနေခြင်းများကို ထောက်ပြသင့်ကြောင်း ဦးနေမျိုးကျော်က ပြော သည်။
“ကျမတဦးတည်း တယောက်တည်း အမြင်ကတော့ မကြိုက်ဘူး။ နားငြီးတယ်”ဟု ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် ကလည်း ပြောသည်။
ဥပဒေအရ အသံချဲ့စက်နှင့် လော်စပီကာ ဆူညံစွာ ဖွင့်ခြင်းကို တားမြစ်ထားသော်လည်း မည်သူကမျှ အရေးယူခြင်း မရှိ ကြောင်း၊ မြန်မာ နိုင်ငံတွင် လော်စပီကာ ဖွင့်ခြင်းသည် မိရိုးဖလာကိစ္စတခု ဖြစ်သဖြင့် အမှား၊ အမှန်ကို တရားသေ ဆုံးဖြတ် ပေးရန် ခက်ခဲသည်ဟုလည်း ဒေါ်ဇင်မာအောင်က ဧရာဝတီသို့ ပြောသည်။
“လော်စပီကာဖွင့်ရင် ဘယ်လို ဖြစ်မယ်ဆိုတာ ဥပဒေမှာ ပြဌာန်းထားပြီးသားပဲ။ ဘယ်သူမှ ဥပဒေနဲ့ မလုပ်ဘူး။ မလုပ်လို့ လည်း ဒီလို ဖြစ်နေတာလေ။ ဒီကိစ္စက Traditional နဲ့လည်း ဆိုင်တော့ တရားသေ ပြောရခက်တယ်။ ဒီ Conflict ကတော့ ဖြစ်နေဦးမှာပဲ။ အများစုရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာလိုက်တာ ကောင်းတယ်။ ဖွင့်နေတဲ့သူတွေကလည်း ဖွင့်နေဦးမှာပဲ”ဟု သူက ပြောသည်။
နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဒေါက်တာ ထက်အောင်က နိုင်ငံသားတဦးအနေဖြင့် ကိုယ့် ဘိုးဘွားများ ဖန်တီးခဲ့သည့် ယဉ်ကျေးမှုများကို မြတ်နိုးတန်ဖိုးထားသော်လည်း လော်စပီကာ ယဉ်ကျေးမှုကို သည်းမခံ နိုင် ကြောင်း၊ သို့သော် ကုသိုလ်ရေး အကြောင်းပြချက်ကြောင့် ကြိတ်မှိတ်၍ သည်းခံနေရကြောင်း ပြောသည်။
“တခါတလေ သည်းမခံနိုင်လောက်အောင် အနှောင့်အယှက် ဖြစ်ရတယ်။ သွားပြောရင်လည်း မင်းဗုဒ္ဓဘာသာ မဟုတ် ဘူး လား ဘာညာဆို ဝိုင်းရိုက်ခံရမှာလည်း ကြောက်ရသေးတယ်။ တခါတလေ နိဗ္ဗာန်ဆော်ဆိုလား မိုက်ခဲတဲ့သူက ဘာသာရေး တင် မကဘူး နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေးကအစ သူမကျေနပ်တာ အစုံ ထင်ရာမြင်ရာပွားတာတွေလည်း မကြားချင်လည်း ကြားရတယ်”ဟုလည်း ဒေါက်တာ ထက်အောင်က ဧရာဝတီသို့ ပြောသည်။
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးကိုကိုနိုင်က ယခု တတိယအကြိမ် ပြင်ဆင် သည့် ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေသည် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်ကြားမှာ အပြန်အလှန် ဆွေးနွေးဆဲ အဆင့်သာ ရှိသေးပြီး အတည်မပြုရသေးသဖြင့် အထက်ပါ ကိစ္စရပ်များကို မှတ်ချက် မပြုလိုသေးကြောင်း ဧရာဝတီသို့ ပြောဆို ခဲ့သည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး နည်းဥပဒေတွင် သာမန်အားဖြင့် နံနက် ၆ နာရီမှ ည ၉ နာရီအထိသာ ဖွင့်ခွင့် ပြုခြင်း၊ အများပြည်သူအား အနှောင့်အယှက် မဖြစ်စေရေးအတွက် ခွင့်ပြုသည့် ဥပစာအတွင်း အများပြည်သူ ကြားသိရုံ မျှ သာ ဖွင့်ခွင့်ပြုခြင်း၊ ခွင့်ပြုသည့် ကိစ္စမှတပါး အခြားကိစ္စများအတွက် အသုံးမပြုရန် ကြီးကြပ်ခြင်း၊ တာဝန်ရှိသူက ခွင့်ပြုချက် ရပ်စဲရန် တောင်းဆိုသည့်အခါ လိုက်နာစေခြင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ သဘောထား မှတ်ချက် ရယူခြင်း တို့ ပါဝင်သည်။
အသံချဲ့စက် ရပ်စဲရန် ညွှန်ကြားသော်လည်း လိုက်နာခြင်း မရှိပါက ရာဇသတ်ကြီး ပုဒ်မ ၂၉၁ အရ ထောင်ဒဏ် ၆ လအထိ အရေးယူနိုင်ကြောင်းလည်း သိရသည်။