ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်၌ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)တို့ အကြား တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရသည်။
မိုင်းကိုင်မြို့နယ် ပန်ပွဲကျေးရွာအုပ်စု၌ RCSS က ဖွင့်လှစ်ထားသော မူးယစ်ဆေးဝါးဖြတ်စခန်းကို တပ်မတော် စစ်ကြောင်းက ယခုလ ၁ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ရာမှစ၍ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RCSS ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောသည်။
ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က “တပ်မတော်က အကြောင်းကြားခြင်းလည်းမရှိဘဲနဲ့ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲက မူးယစ်ဆေး ဖြတ်တဲ့ စခန်းကို ဝင်တိုက်တယ်။ ပြီးတော့ အဲဒီမှာရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ တရားခံတွေကို ထောင်ကနေလွှတ် ပေးလိုက်တယ်။ မူးယစ်ဆေးဖြတ်တဲ့ စခန်းမှာတော့ ကျနော်တို့တပ်တွေမရှိဘူး။ ရွာသားတွေနဲ့ ပြန်ထိန်းထားတာ။ အဲဒီနောက် ညနေပိုင်းမှာ ကျနော်တို့ တပ်တွေရှိတဲ့ တောင်ကုန်းကို ထိုးစစ်ဆင်လာတယ်။ နောက်နေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာ ၃ ရက်နေ့တွင် RCSS ဗဟိုက တိုက်ပွဲများ ဆက်မဖြစ်ပွားစေရေး တပ်များဆုတ်ရန်ညွှန်ကြားသကဲ့သို့ အစိုးရ တပ်များလည်း နောက်ကြောင်း ပြန်ဆုတ်သွားသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်း မရှိတော့ကြောင်း သိရသည်။
နှစ်ရက်ဆက်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း RCSS ဘက်တွင် သေဆုံးဒဏ်ရာ မရရှိကြောင်း၊ တပ်မတော်ဘက်တွင် ရှိမရှိမသိရသော်လည်း တပ်မတော်စစ်ကြောင်းထံမှ ကျောပိုးအိတ် ၆ လုံး၊ မြေမြှုပ်မိုင်း၊ လက်ပစ်ဗုံးနှင့် ကျည်ဆံအချို့ကို သိမ်းဆည်း ရမိသည်ဟုဆိုသည်။
နှစ်ဘက်အကြေအလည် ညှိနှိုင်းသဘောတူညီချက်ရရှိ၍ တိုက်ပွဲများ ရပ်ဆိုင်းခဲ့ခြင်းမဟုတ်ကြောင်း၊ ဆက်ဆံရေးရုံးများမှ တဆင့် ပြောဆိုမှုရှိသော်လည်း တပ်မတော်အနေဖြင့် ယခုကဲ့သို့ အကြောင်းကြားခြင်းမရှိပဲ ဝင်ရောက်လာပါက တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း RCSS ကပြောသည်။
“ကျနော်တို့ရဲ့ ဆက်ဆံရေးရုံးတွေနဲ့ ညှိနှိုင်းလာတာရှိတယ်။ ဆက်ဆံရေးရုံးတွေနဲ့ ညှိနိုင်းလို့တော့မပြီးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက တပ်မတော်က ကျနော်တို့ကို စပြီးတော့ဝင်တိုက်တယ်။ အကြောင်းကြားခြင်းလည်း မရှိဘူး။ NCA ကို ချိုးဖောက်ရာ ကျ သလို ငြိမ်းချမ်းရေးကို ပျက်ပြားအောင် တမင်လုပ်ဆောင်နေတယ်လို့ ကျနော်တို့မြင်တယ်။ အကယ်၍ တပ်မတော်က ကျနေ်ာ တို့ကို ဆက်ပြီးတော့ တိုက်နေမယ်ဆိုရင် တိုက်ပွဲတွေဆက်ဖြစ်ဖို့ရှိပါတယ်” ဟု ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ ဖြေရှင်းချက် သိရှိနိုင်ရန်အတွက် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးထံ ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေကြားနိုင်ခြင်း မရှိပေ။
အဆိုပါ တိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသရှိ တုံလောကျေးရွာအုပ်စုမှ ဒုက္ခသည် ၂၀၀၀ ကျော် ဘုန်းကြီးကျောင်း ၂ ကျောင်း၌ ခိုလှုံနေရကြောင်း၊ အဆိုပါ စစ်ရှောင်ဒုက္ခသည်များထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ ပါဝင်ကြောင်း၊ ဒုက္ခသည်များကို သွားရောက်အကူအညီပေးနေသည့် မိုင်းကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဆိုင်မိုင်း က ဧရာဝတီသို့ ပြောသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တုံလောကျေးရွာအုပ်စုမှ အထက်တန်းကျောင်းအပါအဝင် စာသင်ကျောင်း ၇ ကျောင်းခန့် ပိတ်ထားရပြီး ဒေသခံများမှာလည်း လုပ်ငန်းခွင်သို့သွားရန် ခက်ခဲကြောင်း ဆိုသည်။
ဘုန်းကြီးကျောင်း ၂ ကျောင်းတွင် ခိုလှုံနေသည့် ဒုက္ခသည် ၂၀၀၀ ကျော်၏ စားဝတ်နေရေးအတွက် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် မိုင်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းပြီး အကူအညီပေးလျှက်ရှိသည်ဟု စိုင်းဆိုင်မိုင်းက ပြောသည်။
စိုင်းဆိုင်မိုင်း က “ကျနော်ကိုယ်တိုင်လည်း မိုင်းကိုင်မှာ ကြီးပြင်းလာခဲ့တာ။ သေနက်သံတွေကြားထဲမှာ ကြီးပြင်းလာတဲ့သူ တဦးအတွက် ဒီသုံးလေးနှစ်အတွင်းမှာ ငြိမ်းချမ်းလာတဲ့ အခြေအနေကနေ အခုလို ထပြီး စစ်ပွဲတွေ ပြန်ဖြစ်တဲ့ အခြေ အနေကတော့ ပြည်သူလူထုအတွက်ကတော့ မကောင်းဘူးပေါ့ဗျာ။ ဖြစ်လာတဲ့ ပြဿနာတွေကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းစေချင်ပါတယ်။ ရေရှည်တိုက်ပွဲဖြစ်သွားလို့ရှိရင် ဒေသခံတွေခံရမှာလေ။ ဖြစ်လာတဲ့ ပြဿနာတိုင်းက ခံရတဲ့သူက ဒေသခံတွေပဲ” ဟု ဧရာဝတီ သို့ ပြောသည်။
အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် RCSS/SSA အဖွဲ့သည့် အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် အတူ အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်သည်။