သတင်း

မြန်မာတပ်ဖွဲ့ဝင်များ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့တပ်မတော်၏ တပ်ဖွဲ့ဝင် တချို့သည် အာဖရိကတိုက်ရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့နှစ်ခုတွင် တာဝန် ထမ်းဆောင်နေသည်ဟု သိရသည်။ လွန်ခဲ့သောနှစ်က စတင်ခဲ့သည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ ချထားရေး အစီအစဉ်တွင် မြန်မာစစ်တပ် အနေဖြင့် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂမှ ရရှိသော စာရင်းများအရ မြန်မာစစ်တပ်သည် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်တခုကို အကောင်အထည် ဖော်ရန် တာဝန်ပေးထားသော ကုလသမဂ္ဂ၏ လိုက်ဗေးရီးယား ငြိမ်းချမ်းရေတပ်ဖွဲ့ (UNMIL) ၏ အစိတ်အပိုင်း အနေဖြင့် တပ်ဖွဲ့နှစ်ဖွဲ့ကို လွန်ခဲ့သော စက်တင်ဘာလမှ စတင်ကာ ချထားခဲ့သည်။

မြန်မာတပ်ဖွဲ့ နှစ်ဖွဲ့သည် လုပ်ငန်းကျွမ်းကျင်သူများ Experts on Mission များဟု ကုလသမဂ္ဂက သတ်မှတ်ထားသော တာဝန်မျာကို ထမ်းဆောင်နေသည်။ UNMIL တွင် တပ်ဖွဲ့ဝင် စုုစုပေါင်း ၁၂၄၀ နှင့် ရဲတပ်ဖွဲ့ဝင် ၆၀၆ ဦး ရှိသည်။ ထိုတပ်ဖွဲ့ဝင် အမျာအပြားသည် နိုက်ဂျီရီးယားမှ ဖြစ်ပြီး ဘူတန်နှင့် ဇင်ဘာဘွေတို့ ကဲ့သို့သော နိုင်ငံအများအပြားမှ တပ်ဖွဲ့များလည်း ပါဝင်သည်။

၂၀၁၁ ခုနှစ်တွင် လွတ်လပ်ရေး ရပြီးကတည်းက ပဋိပက္ခများ ဖြစ်ပွားနေသော ဆူဒန် တောင်ပိုင်းတွင်လည်း မြန်မာ တပ်ဖွဲ့များသည် အမြဲတမ်း မဟုတ်သော တပ်ဖွဲ့ Contingent Troops အဖြစ် တာဝန် ထမ်းဆောင်နေကြသည်။ ဆူဒန် တောင်ပိုင်းတွင် မြန်မာတပ်ဖွဲ့ ချထားခြင်းကို ၂၀၁၅ ခုနှစ် သြဂုတ်လက စတင်ခဲ့သည်။ ၎င်းတို့သည် နိုင်ငံပေါင်း ၆၁ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁၂၅၀၀ ကျော်နှင့် အတူ တာဝန်ထမ်းဆောင်နေသည်။

တစုံတရာ ဝေဖန်သုံးသပ် ပြောကြားပေးရန် မေတ္တာရပ်ခံမှုကို တုံ့ပြန်သော အားဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ်ရုံးက ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဌာန၏ ကြေညာချက်တခုကို ပေးပို့ခဲ့သည်။ “မြန်မာသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုသို့ တပ်ဖွဲ့ထည့်ဝင်သော နိုင်ငံသစ် ဖြစ်သည်။ ထိုနိုင်ငံ၏ ထည့်ဝင်မှုအတွက် ကျွန်ုပ်တို့က ကျေးဇူးတင်ရှိပြီး ရှေ့လာမည့် နှစ်များတွင် ကျွန်ုပ်တို့၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တာဝန်များတွင် ပိုမိုပါဝင်လာမည် ဟု မျှော်လင့်သည်” ဟု ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ကြေညာချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နှင့် ဝါရင့် အိန္ဒိယ သံတမန်တဦး ဖြစ်သူ ဗီဂျေ နမ်ဘီးယား (Vijay Nambiar) က မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစည်းအဝေး တခုအတွင်း မြန်မာအနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အစီအစဉ်တွင် ပြန်လည် ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည် ဟု ၂၀၁၄ ခုနှစ် အစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။ အမေရိကန်၊ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch အပါအဝင် လူ့အခွင့်အရေး အဖွဲ့ အများအပြားက ထိုဖိတ်ခေါ်မှုကို ချက်ချင်း ရှုတ်ချခဲ့ကြသည်။

“မြန်မာစစ်တပ်၏ လူ့အခွင့်အရေးနှင့် အရပ်သား အကာအကွယ်ပေးရေး ညံ့ဖျင်းသည့် မှတ်တမ်းများသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ ကမ္ဘာတဝန်းတွင် ကာကွယ်ရမည့် စံနှုန်းများနှင့် အကြီးအကျယ် ဆန့်ကျင်နေသည်” ဟု HRW ၏ အမှုဆောင်ဒါရိုက်တာ ကက်နက် ရုသ် (Kenneth Roth) က ထိုစဉ်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“မြန်မာတပ်ဖွဲ့များကို ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အတွက် သုံးမည့် ကုလသမဂ္ဂ၏ မည်သည့် လုပ်ရပ်မဆို ကုလသမဂ္ဂ၏ ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်စေမည့် အန္တရာယ်ရှိပြီး ကုလသမဂ္ဂ အဖွဲ့အတွင်း လူ့အခွင့် အရေးကို ပိုမို အလေးထားရန် မကြာသေးမီက ပြုလုပ်သော အားထုတ်မှုများနှင့် ဆန့်ကျင်နေသည်” ဟုလည်း ဖော်ပြထားသည်။

မြန်မာ အစိုးရစစ်တပ်သည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် ကိုးကန့် အခြေစိုက်  မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ အပါအဝင် နိုင်ငံမြောက်ပိုင်းမှ လူမျိုးစု လက်နက်ကိုင် အဖွဲ့ အများအပြားကို ဆက်လက် စစ်ဆင်နေသည်။

မကြာသေး မီက မြန်မာ အစိုးရစစ်တပ်နှင့် DKBA ခွဲထွက် အုပ်စုတခုကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ မကြာသေးမီက အစိုးရ ပြောင်းလဲသွားသော်လည်း စစ်တပ်သည် ၎င်း၏ စစ်ဆင်ရေးများ အတွင်း အရပ်သားများကို ညှဉ်းပမ်း နှိပ်စက်မှုများ၊ သတ်ဖြတ်ခြင်း၊ မုဒိန်ကျင့်ခြင်းများဖြင့် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက စွပ်စွဲကြသည်။

မြန်မာ အစိုးရ စစ်တပ်သည် ၎င်း၏ တပ်ဖွဲ့ဝင်များကို ကုလသမဂ္ဂ လုပ်ငန်းများတွင် ပါဝင်စေမှသာ အကျိုးရရှိမည်ဟု မြန်မာ စစ်တပ်နှင့် ပတ်သက်သော စာအုပ်စာတမ်း အများအပြားကို ရေးသားခဲ့သော သြစတြေလျ ပညာရှင် အင်ဒရူး ဆဲလ်သ် (Andrew Selth) က ယူဆသည်။

“ကုလသမဂ္ဂတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် မြန်မာလုံခြုံရေး တပ်ဖွဲ့များသည် နိုင်ငံတကာ စံနှုန်းများကို လေ့လာပြီး ပိုမိုကောင်းမွန်သော လုပ်ထုံး လုပ်နည်းများ ရရှိကာ ၎င်းတို့၏ ကျဉ်းမြောင်းသော အတွေ့အကြုံထက် ပိုမို ကျယ်ပြန့်သည့် ပြဿနာများကို ထိတွေ့ရပါက ရှေ့ဆက် လုပ်ဆောင်ရဖွယ်များ အတွက် အထောက်အကူ ဖြစ်စေနိုင်သည်။ နောက်တမျိုးမှာ ၎င်းတို့ကို ထိုသို့ အခွင့်အရေး မပေးပါက မြန်မာနိုင်ငံ ယခုကြုံတွေ့နေရသော ပြဿနာများ အပေါ် မှုန်ဝါးသည့် တွေးခေါ်မှုများနှင့် သက်ဆိုးရှည်စေခြင်း ဖြစ်သည်” ဟုု သူက သြစတြေးလျ ဉာဏ်ကြီးရှင် (Think Tank) အဖွဲ့ ဖြစ်သည့် Lowy Institute for International Policy ၏ အင်တာနက် စာမျက်နှာ Lowy Interpreter တွင်  ၂၀၁၄ ခုနှစ် မေလက ရေးသားခဲ့သည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတွင် မြန်မာနိုင်ငံ ပါဝင်လာချိန်သည် ငြိမ်းချမ်းရေး ထိန်သိမ်းမှု တပ်ဖွဲ့ ကိုယ်တိုင် ကမ္ဘာတဝန်း ၎င်းတို့ ပါဝင်ပတ်သက်သော လူသိများသည့် အရှုပ်တော်ပုံများ အပြီး ပိုမိုကြီးမားစွာ စစ်ဆေးလေ့လာ ခံနေရချိန်နှင့် တိုက်ဆိုင်နေသည်။ မြန်မာနိုင်ငံ ပါဝင်နေသော တောင်ဆူဒန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့သည် ဇူလိုင်လ ၁၁ ရက်နေ့က နိုင်ငံတကာ အကူအညီပေးရေး ဝန်ထမ်းများမြို့တော် ဂျူဘာရှိ ကုလသမဂ္ဂ စခန်းအနီး ခြံဝင်းတခုတွင် အစိုးရတပ်ဖွဲ့များ၏ အဓမ္မပြုကျင့်ခံရသည်ကို မကူညီခဲ့သဖြင့် အပြင်းအထန် ဝေဖန်ခံနေရသည်။

၂၀၁၀ က ဟေတီတွင် ချထားသည့် နီပေါမှ ကုလသမဂ္ဂ တပ်ဖွဲ့ဝင်များသည် ထိုနိုင်ငံတွင်လူ ၁၀၀၀၀ ကျော် သေဆုံးစေသည့် ကာလဝမ်းရောဂါ စတင်ပျံ့နှံ့စေသော ရင်းမြစ်ဖြစ်ကြောင်း တွေ့ရှိရသသည်။ ရောဂါဖြစ်ပွားသော ရွာ၏ အထက်ပိုင်းတွင် စခန်းချနေသော နီပေါတပ်ဖွဲ့သည် ရောဂါ၏ ရင်းမြစ်ဖြစ်ကြောင်း မကြာသေးမီကမှ ဝန်ခံခဲ့သည်။ ရောဂါခံစားရသူများ၏ ရှေ့နေက အမေရိကန်နိုင်ငံတွင် စွဲဆိုသည့် အမှုများကို ကုလသမဂ္ဂသည် ချေပ နေခဲ့သည်။ ရောဂါခံစားခဲ့ရသူများ၏ ရှေ့နေက ရောဂါဖြစ်ပွားစေသော နီပေါတပ်ဖွဲ့၏ ကျန်မာရေး စံနှုန်းများအတွက် ကုလသမဂ္ဂတွင် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။

သို့သော် ကုလသမဂ္ဂ၏ အင်တာနက် စာမျက်နှာတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု သမိုင်းနှင့် ပတ်သက်၍ ဖော်ပြထားသော အချက်အလက်များအရ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ အစဦး ကာလကတည်းကပင် တပ်ဖွဲ့ဝင် အနည်းငယ်ကို စေလွှတ်ခဲ့ဖူးသည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ၁၉၆၀ ခုနှစ်များ အစောပိုင်းက တပ်ဖွဲ့ အနည်းငယ်ကို ကွန်ဂိုရှိ ကုလသမဂ္ဂတပ်ဖွဲ့များ ထံစေလွှတ်ခဲ့သည်။ မြန်မာက ကုလသမဂ္ဂ ြငိမ်းချမ်းရေး ထိန်းသိမ်းရေး အတွက် တပ်ဖွဲ့ဝင်များ နောက်ဆုံး စေလွှတ်ခဲ့သည်မှာ ၁၉၆၅ ခုနှစ် အန္ဒိယ-ပါကစ္စတန် စစ်ပွဲကြောင့် ဖွဲ့စည်းသော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့သို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

၁၉၆၅ ခုနှစ် စက်တင်ဘာမှ ၁၉၆၆ ခုနှစ် မတ်လအထိ ကြာသော ထိုတပ်ဖြန့်ချထားမှု အတွင်း မြန်မာတပ်သည် အန္ဒိယနှင့် ပါကစ္စတန် အကြား အပစ်အခတ်ရပ်စဲရေးကို လေ့လာစောင့်ကြည့်သော တပ်ဖွဲ့၏ အစိတ်အပိုင်း အဖြစ်နှင့် နှစ်နိုင်ငံ စစ်အပြီး တပ်များရုပ်သိမ်းသည်အထိ တာဝန်ယူခဲ့သည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Seamus Martov ၏ Burma Army Troops Serving as UN Peacekeepers in Liberia and South Sudan ကို ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading