မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွား သည့် အစ္စလမ် ဘာသာဝင်များက ၎င်းတို့၏ မူလနေရာများတွင် ပြန်လည် နေထိုင်ခွင့်ရရန် အောက်တိုဘာ ၁ ရက် က ကြိုးပမ်း ခဲ့ကြောင်း သိရသည်။
ယင်းသို့ကြိုးပမ်းခဲ့ရာ အနီးအနားမှ လူပုဂ္ဂိုလ်အဖွဲ့အစည်းတချို့က လက်မခံဘူးဟု ဆိုကာ ကန့်ကွက်ခဲ့သည့်အတွက် အချေ အတင် ဖြစ်ခဲ့ရကြောင်း မိတ္ထီလာမြို့ ထီလာသုခ သမဂ္ဂီ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ အတွင်းရေးမှူး ဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။
ဦးအောင်သိန်းက “မိသားစု လေးစုလောက်က အထုတ်အပိုးနဲ့သွားပြီး မင်္ဂလာဇေရုံထဲမှာ ကိုယ့်အကွက်ထဲသွားပြီး တဲလေး တွေ ထိုးတယ်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ လူပုဂ္ဂိုလ်တချို့ အဖွဲ့အစည်းတချို့ကနေ လာပြီး ဒါကိုတားတယ်။ နင်တို့ မွတ် ဆလင် တွေကို နေခွင့်မပေးဘူး ဆိုပြီး တားတယ်။ ထိပ်တိုက်တွေ ဖြစ်ကြတဲ့အခါမှာ ရန်ဖြစ်တာ၊ ဆဲတာဆိုတာတော့ မရှိ ဘူး။ နေခွင့်မပြုဘူး နေမယ်ဆိုပြီး အချေအတင်ဖြစ်ကြတာ”ဟု ပြောပြသည်။
ဆက်လက်၍ ၎င်းက အချေအတင် ဖြစ်နေစဉ်တွင် မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ရောက်လာပြီး ခွင့်ပြုချက် မပေးဟုဆိုကာ ရွှေ့ခိုင်းကြောင်း၊ ၃ ရက်အတွင်း မရွှေ့ပေးပါက လုံခြုံရေးမပေးနိုင်ဟု ပြောဆိုခဲ့သည့်အတွက် တချို့က နီး စပ်ရာ ဆွေမျိုး အသိုင်းအဝိုင်းဆီသို့ ရွှေ့ပြောင်းသွားပြီး တချို့မှာ အောက်တိုဘာ ၃ ရက်တွင် ရွှေ့သွားကြကြောင်းလည်း ရှင်း ပြ သည်။
စေတနာ့ ဝန်ထမ်း ဆောင်ရွက်နေသူ ကိုဘီလာက “သူများဝိုင်းထဲသွားနေလို့ နှင်ထုတ်ခံရတဲ့ပုံစံမျိုး ရပ်ကွက်က ဆက်ဆံ လွှတ်တယ်။ ရပ်ကွက်က အဲဒီလိုလုပ်တယ်ဆိုလည်း ထားဦး။ ကျနော်တို့ဘက်က ဘာမှမဖြစ်သေးဘူး။ အဲဒီ အာဏာပိုင်က တောင်မှ ဘာပြောလည်းဆိုတော့ တရားဥပဒေ စိုးမိုးမှု အားနည်းနေသေးတဲ့ အတွက် ပြန်ဖယ်ပေးလိုက်ပါဦးတဲ့”ဟု ပြော သည်။
၎င်းက ဆက်လက်၍ မိတ္ထီလာ ဘာသာရေးပဋိပက္ခကြောင့် အိုးအိမ်မဲ့ဖြစ်သွားသည့် အစ္စလမ် ဘာသာဝင်များကို ထားသည့် ဒုက္ခသည်စခန်း ဖျက်သိမ်းလိုက် အပြီးတွင် တချို့မှာ ချမ်းအေးသာယာ ရပ်ကွက်တွင် ခိုကပ်နေရပြီး တချို့မှာ ခရိုင် အား ကစား ကွင်းထဲတွင် ခိုလှုံနေကြရာ ပြီးခဲ့သည့်လက ယင်းနေရာမှ ဖယ်ပေးရန် မဖယ်ပေးပါက တရားစွဲဆိုမည်ဟုဆိုကာ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့က သတိပေးကြေညာစာ ထုတ်ခဲ့သည့်အတွက် ရန်မျိုးအောင်ရပ်ကွက်၊ မင်္ဂလာဇေရုံ ဟူသည့် ၎င်းတို့မူလပိုင် နေရာဟောင်းတွင် ပြန်နေရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟုလည်း ရှင်းပြသည်။
ပဋိပက္ခအပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ၎င်းတို့၏ အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထားများဖြင့် ယခင် ဦးသိန်းစိန် အစိုးရ လက်ထက် သက်ဆိုင်ရာ အာဏာပိုင်များထံ အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့သော်လည်း ပြန်နေခွင့် မရ ခဲ့ကြောင်း၊ နေရပ်ဟောင်းတွင် ပြန်နေခွင့်မရစဉ် ကာလများတွင် ပတ်ဝန်းကျင်မှ ကျန်ရှိနေသေးသည့် အဆောက်အအုံများ မှ အုတ်ကအစ ခွာယူသွားကြကြောင်း ဦးအောင်သိန်းက ပြောသည်။
ဆက်လက်၍ ဘာသာစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့အနေဖြင့် ယခုလို အစိုးရသစ်လက်ထက် တိုင်းပြည်ပြုပြင် ပြောင်းလဲ ရေး လုပ်နေစဉ်ကာလအတွင်း မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် တတ်နိုင်သမျှ ထိန်းညှိဆောင်ရွက်ရန်နှင့် တရားဥပဒေကြောင်းအရ ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ရန် မွတ်ဆလင် အသိုင်းအဝိုင်းကို အကြံပြုထားပြီး နောက်ဆုံး အဆင့် အနေဖြင့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြသွားရန် အကြံပြုထားသည်ဟုလည်း ၎င်းက ပြောဆိုသည်။
ဦးအောင်သိန်းက “တဖက်ကလည်း ခရိုင်အားကစားကွင်းထဲ နေလို့မရတော့ဘူး။ တရားစွဲတော့မယ်ဆိုရင် ဘယ်မှ ပြေးစရာ မရှိရင် သူတို့အနေနဲ့ ဒီထဲပဲ ဇွတ်လာပြီး ကိုယ့်ဝိုင်းကိုယ်နေမှာပဲ။ နောက်တခု မိသားစု သုံးလေးစုက အိမ်ခန်း တခန်းထဲမှာ စုသိပ်ထားတယ်ဆိုလည်း ရေရှည်မှာ မဖြစ်နိုင်ဘူး။ ပေါက်ကွဲမှာပဲ။ အဲဒီတော့ ဒီပြဿနာတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံသားတွေ ခံစားခွင့်ဥပဒေနဲ့အညီ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုုးရေး ရှုထောင့်ကနေ ပြီးတော့ ဌာနဆိုင်ရာတွေက ကိုင်တွယ်သင့်တယ်လို့ ယူဆတယ်”ဟုလည်း ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းသင့်သော်လည်း ယခုအချိန်အထိ မည်သည့် လုပ်ဆောင်မှုမျိုးမှ မရှိသေးသည့်အတွက် တိုင်းအစိုးရအဖွဲ့အား မွတ်ဆလင် အသိုင်းအဝိုင်းမှ ယုံကြည်မှု မရှိ တော့ ကြောင်း၊ တိုင်းဝန်ကြီးချုပ် အနေဖြင့် ပြတ်သားသည့် အဖြေမပေးဘဲ ယခုအတိုင်း ထားမည်ဆိုပါက ပဋိပက္ခများ ဖြစ်လာမည် ကို စိုးရိမ်ကြောင်းလည်း ဦးအောင်သိန်းက ပြောဆိုသည်။
အောက်တိုဘာ ၁ ရက်နေ့ဖြစ်စဉ်နှင့်ပတ်သက်၍ မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ ဧရာဝတီ က ဆက်သွယ် မေးမြန်း ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ပြန်လည် ဖြေကြားပေးခြင်း မရှိပါ။
ကိုဘီလာက “သူတို့နေရာကို ပြန်သွားနေတဲ့သူတွေက အုပ်ချုပ်ရေးမှူးထံ တင်ပြတော့ နေပါလည်းမပြော မနေပါနဲ့လည်း မပြော။ ဒါပေမယ့် လုံခြုံရေး မပေးနိုင်ဘူး ပြောတယ်။ အဲဒီတော့ ၄ နှစ်ရှိပြီ။ အခုအချိန်အထိ တည်ငြိမ်မှု မရှိသေးဘူးလား။ အဓိက အဲဒီနေ့က သူတို့ပြတ်ပြတ်သားသား လုပ်လိုက်ရင် သူတို့နေရာ သူတို့လာနေတာ အဲဒီလိုပြောလိုက်ရင် ဇာတ်လမ်း ကပြတ်ရော။ တရားဥပဒေ အမြန်ဆုံးစိုးမိုးပါစေလို့ပဲ ဆုတောင်းပါတယ်”ဟု ပြောဆိုသည်။
ယခုအခါ မိတ္ထီလာမြို့ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေဆဲ လူဦးရေ ၂၀၀ ကျော်နှင့် မိသားစု ၈၀ ကျော် ရှိကြောင်း သိရ သည်။