အဆိုပါဟောပြောပွဲ ပြည် ကမ်းနားလမ်း ဧရာဦးခန်းမတွင် ပြုလုပ်ရန် စီစဉ်ထားပြီး လူ ၅၀၀ ကျော် တက်ရောက်နားထောင်ရန် စောင့်ဆိုင်းနေပြီးနောက် ဟောပြောပွဲခွင့်ပြုမိန့်မရှိသည့်အတွက် ဖျက် သိမ်းလိုက်ရခြင်းဖြစ်သည်။
ပြည်မြို့ ဆံတော် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်က“လွန်ခဲ့တဲ့တပတ်လောက်ကတည်းက ပွဲစီစဉ်သူကို ကျနော်ကြိုပြောထားတယ်။ ခွင့်ပြုမိန့်တင်ပါလို့ ပြောထားတယ်။ ခွင့်ပြုမိန့်မတင်ဘူး။ မိသားစုဟောပြောပွဲလေးပါဆိုပြီး ဒီနေ့မှလာတင်တော့ ကျနော်တို့ ခွင့်ပြုပေးလို့မရပါဘူး။ တပတ်ကြို တင်ရတဲ့အတွက် ခွင့်မပြုခဲ့တာပါ” ဟုဆိုသည်။
တနိုင်ငံလုံး၌ ဟောပြောပွဲများပြုလုပ်ခဲ့သော်လည်း ခွင့်ပြုမိန့်တင်စရာမလိုပဲ ပြုလုပ်ခဲ့ကြောင်းနှင့် ယခု လို ပြည်မြို့တွင်ပြုလုပ်မည့်ပွဲအား ခွင့်ပြုမိန့်မတင်ခဲ့၍ ကျင်းပခွင့်မရခဲ့ခြင်းမှာ ပွဲစီစဉ်သူ၏ အားနည်း ချက်ကြောင့်သာဖြစ်ကြောင်း ပွဲစီစဉ်သူ Aim Star Network မှ ABO အဖွဲ့ဝင် ကိုဇော်ဇော်အောင်က ဧရာဝတီသို့ပြောသည်။
“ကျနော်အားနည်ချက်တခုကြောင့် ကျနော်တို့ရဲ့ခေါင်းဆောင် ကိုဂျိုးဇက်ရော၊ ပြီးတော့ ကျနော်တို့ရဲ့ ကုမ္ပဏီရော ထိခိုက်သွားတာမျိုးကျနော်မလိုချင်ဘူး။ ဒီအကိုတွေကလည်း (ရပ်ကွက်အုပ်ချုပ်ရေးမှူး) သူတို့ရဲ့ဥပဒေအရလုပ်တာ။ ကျနော်ကလည်း ပွဲမစီစဉ်ဘူးတဲ့ ကျနော်အားနည်းချက်ကြောင့် ဖြစ်တာ” ဟု ကိုဇော်ဇော်အောင်က ဆက်ပြောသည်။
ထို့အတွက်လည်း Aim Star Network အနေဖြင့် တက်ရောက်လာသူများကို တောင်းပန်စကားပြော ခဲ့သည်။
Aim Star Network သည် MLM ခေါ် ဆင့်ပွားဈေးကွက် စီးပွားရေးစနစ်(Mutli-Level Mraketing)နှင့် ဈေးကွက်ရှာရောင်းချနေသည့် အဖွဲ့ဖြစ်သည်။
မကြာသေးမီကလည်း ယင်းအဖွဲ့မှ တာဝန်ရှိသူ ဦးဂျိုးဇက် ဆိုသူသည် ၎င်းတို့၏ MLM စနစ်ကို ဝေဖန်ခဲ့ သည့် သတင်းသမားများကို တိုက်ခိုက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်အတွက် သတင်းသမားများက တရားစွဲဆိုရန် ပြုလုပ်သကဲ့သို့ ဦးဂျိုးဇက်မှလည်း သတင်းသမားများကို ပြန်လည်တရားစွဲ မည်ဟု ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ဦးဂျိုးဇက်က သူ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် သတင်းသမားများကို တရားဝင် ပြန်လည်တောင်းပန်ခဲ့သည်။