မန္တလေးမြို့တွင်း စည်းကမ်းမဲ့ ရပ်နားသည့်ကားများကို အောက်တိုဘာ လလယ် မှစ၍ ကားဘီး သော့ခတ်ကာ ဒဏ်ရိုက် အရေးယူတော့မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်း ရေးမှူး ဦးသက်နိုင်ထွန်း က ပြောသည်။
“ဒဏ်ငွေလိုချင်လို့ ဒီလိုသော့ခတ်တာ မဟုတ်ပါဘူး။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း တကယ်လိုက်နာစေဖို့ အတွက် ရည်ရွယ်ပါတယ်”ဟု ၎င်းက ပြောပြသည်။
ကားဘီး သော့ခတ်ခြင်းဖြင့် အရေးယူရာတွင် ယာဉ်မောင်းမရှိပါက မည်သည့်ယာဉ် အမျိုးအစား ဖြစ်ဖြစ် ဒဏ်ငွေ ကျပ် ၅ သောင်း သတ်မှတ်ထားပြီး ယာဉ်မောင်းက ယာဉ်နှင့်အတူရှိပါက ယာဉ်ငယ် ၂ တန်အောက် ၁ သောင်းကျပ်၊ ယာဉ် လတ် ၂ တန်နှင့် ၃ တန်ကြား ၃ သောင်းကျပ်၊ ယာဉ်ကြီး ၃ တန်အထက် ၃ သောင်းကျပ် ဒဏ်ရိုက်မည်ဟု မန်းစည်ပင် က သတ်မှတ် ထားကြောင်း သိရသည်။
ကားဘီး သော့ခတ်ခြင်းဖြင့် အရေးယူမည့် ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများမှာ ယာဉ်နှစ်ထပ် ရပ်ခြင်း၊ လမ်း ပြောင်း ပြန် ရပ်ခြင်း၊ ဖြူနီကြား ရပ်နားခြင်း၊ မီးပွိုင့်ဧရိယာအတွင်း ရပ်နားခြင်း၊ တခြားယာဉ်များနှင့် လမ်းအသုံးပြုသူများကို အနှောင့်အယှက်ဖြစ်စေသော လမ်းပိတ်ဆို့ရပ်နားခြင်း၊ လမ်းဆုံလမ်းခွမှ ပေ ၂၀ အတွင်း ရပ်နားခြင်း၊ မြို့တွင်း ဘတ်စ် ကားလိုင်းများက သတ်မှတ် မှတ်တိုင်တွင် မရပ်နားခြင်း၊ မော်တော်ယာဉ် ပျက်လျှင် လမ်းဘေးသို့ ချမရပ်ဘဲ လမ်းမ ပေါ် တွင် ပြင်ဆင်ခြင်း၊ ကျောင်းကြိုပို့ယာဉ်များ စည်းကမ်းမဲ့ လမ်းပိတ်ဆို့ ရပ်နားခြင်းတို့ကို အရေးယူမည်ဟု စည်ပင် က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ထိုသို့စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်အား တွေ့ရှိပါက ကားဘီး သော့ခတ်ကာ ပြေစာဖြတ်၍ ယာဉ်မောင်းမရှိပါက စည်ပင်ရုံးသို့ လာရောက် ဒဏ်ငွေဆောင်ရမည်ဖြစ်ပြီး ယာဉ်မောင်းရှိပါက တခါတည်း ဒဏ်ငွေဆောင်စေမည်ဟုလည်း သိရသည်။
ကားဘီး သော့ခတ်ခံရသည့် ကားသည် ဒဏ်ငွေကို မန်းစည်ပင် အခွန်ဌာနသို့ လာရောက် အခွန်ဆောင်ရမည်ဖြစ်ပြီး ကားဘီး ခတ်သော့ပျက်စီးပါက ပစ္စည်းတန်ဖိုး၏ ဆယ်ဆပေးလျော်ရန် သတ်မှတ်ထားသည်ဟု တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
ယာဉ်နှစ်ထပ် ရပ်နားသည့် ယာဉ်ဖြစ်ပါက ယာဉ်သယ်ကရိန်းဖြင့် တစ်စီးအား ဆွဲကာအရေးယူပြီး ကျန်တစ်စီးကို ကားဘီး သော့ခတ်ခြင်းဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အချက်အချာကျသည့် လမ်းမကြီးများ၊ ယာဉ်မရပ်ရ သတ်မှတ် ထား သည့် လမ်းများနှင့် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်ပွားသည့် ဧရိယာများတွင် အဓိက ထားကာ ကားဘီး သော့ခတ်စနစ်ဖြင့် အရေးယူမည်ဖြစ်ပြီး ယင်းကိစ္စအား စတင်အကောင်အထည် မဖော်မီ တပတ်ကြိုတင်၍ မန္တလေး နေ့စဉ် သတင်းစာတွင် အသိပေးကြေညာသွားမည်ဟုလည်း တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
စည်းကမ်းမဲ့ယာဉ်များအား ဘီးသော့ခတ်အရေးယူရေးအတွက် တရုတ်နိုင်ငံထုတ် ကားဘီးခတ်သော့ အခု ၅၀ မှာယူထားပြီး တန်ဖိုးအားဖြင့် ကားကြီးသော့တခုလျှင် ကျပ်တသိန်းခွဲနှင့် ကားလေး ၇ သောင်းခွဲကျပ် ဝန်းကျင်ရှိကြောင်း မန်းစည်ပင်မှ သိရသည်။