ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်ရန်နှင့် အများပြည်သူများ အပန်းဖြေနိုင်ရန်အတွက် ရန်ကုန်မြို့၏ စိမ်းလန်းဆုံး နေရာများထဲမှတခုဖြစ်သည့် ကန်တော်ကြီးပန်းခြံအတွင်းရှိ စတုရန်း ပေ၄၀၀၀၀ ကျယ်သော မြက်ခင်းတခုကို မီးပုံးပျံ ကွင်းနေရာပြုလုပ်ရန် Myanmar Voyage International Tourismကုမ္ပဏီက အဆိုပြုထားကြောင်း သိရသည်။
ထို့အတွက် ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီကလည်း ခွင့်ပြုချက်ပေးရန် အစီစဉ်ရှိနေကြောင်း မြို့တော်စည်ပင်မှ တာဝန်ရှိသူများက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားဌာနမှူး ဦးကိုကိုလင်းက“အဲဒီနေရာမှာ မြေပြင် တိုင်းထွာ စစ်ဆေးမှုတခုပြုလုပ်ပြီးပါပြီ”ဟု ဧရာဝတီသို့ အတည်ပြုပြောကြားခဲ့သည်။
Myanmar Voyage International Tourism ကုမ္ပဏီ၏ ဥက္ကဌ ဦးသက်လွင်တိုးမှာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ ချုပ် (Myanmar Tourism Federation) ၏ ဥက္ကဌလည်း ဖြစ်သည်။
ရွှေတိဂုံစေတီအနီးရှိ ကန်တော်ကြီးပန်းခြံသည် ၁၁၀ ဧက ကျယ်ဝန်းပြီး၊ သစ်ပင်ကြီးများဖြင့် ဖုံးလွှမ်းထားသည့်အတွက် ပြည်သူများ အပန်းဖြေ အနားယူနိုင်သည့် နေရာတခုဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက မီးပုံးပျံကွင်း အဖြစ် မြက်ခင်းနေရာတခု တည်းကိုသာ အသုံးပြု မည်ဖြစ်ပြီး ပတ်ဝန်းကျင်မှ သစ်ပင်များ၊ လူသွားလမ်းများ နှင့် ရေကန်ကို အထိခိုက်ခံမည် မဟုတ် ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီနေရာမှာ အမြဲတမ်းအဆောက်အဦး တည်ဆောက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ သစ်ပင်တွေ လမ်းတွေနဲ့ ကန်ကိုထိခိုက်မှု ရှိမှာမျိုးကို ကျမတို့ လက်ခံမှာ မဟုတ်ပါဘူး” ဟု သူကပြောသည်။
“ကျမတို့က သစ်ပင်ကြီးတွေ မရှိတဲ့ မြက်ခင်းကိုပဲ အသုံးပြုခွင့် ပေးမှာဖြစ်ပါတယ်။ လက်ရှိက အဲဒီနေရာကလည်း ရုပ် လုံးဖော်ထားတဲ့ သစ်ပင် အသေးလေးတွေနဲ့ ဆိုတော့ လာတဲ့သူတွေ ဓာတ်ပုံရိုက်ကြတဲ့ နေရာပါ။ ဝေဖန်နေကြသလို လေ့ကျင့်ခန်းလုပ်တဲ့ နေရာ မဟုတ်ပါဘူး” ဟု ဒေါ်လှိုင်မော်ဦးက ဆက်ပြောသည်။
မီးပုံးပျံသည် ပန်းခြံနှင့် ရေကန်ပေါ်သို့ ဖြတ်ကျော် ပျံသန်းမည် မဟုတ်ပဲ၊ မြေပြင်မှနေ၍ သတ်မှတ်အမြင့်တခုသို့ ရောက် လျှင် ရပ်တန့်သွားမည်ဖြစ်၍ လိုက်ပါလာသူများအနေဖြင့် ကန်တော်ကြီးဝန်းကျင်တခွင်ကို အပေါ်စီးမှ ရှုမြင်နိုင်မည် ဖြစ်ပြီး မီးပုံးပျံကို မြေပြင်နှင့် ကြိုးချည်၍ လွှတ်တင်ထားမည်ဖြစ်ကြောင်း သူကရှင်းပြသည်။
အဆိုပါ အစီအစဉ်သည် ရန်ကုန်မြို့နေ ပြည်သူများနှင့် မြို့တော်စည်ပင်က အများပြည်သူနှင့် ဆိုင်သည့်နေရာများကို ပြန် လည်ရရှိရန် ခက်ခက်ခဲခဲလုပ်ဆောင်နေအချိန်တွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ယခင်စစ်အစိုးရနှင့် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပန်းခြံနှင့် အားကစားကွင်း အမြောက်အများကို အိမ်ယာစီမံကိန်းများ လုပ်ဆောင်ရန် စီးပွားရေးလုပ်ငန်းရှင်များသို့ ရောင်းချခဲ့သည်။
“အများပြည်သူ အတွက်နေရာတွေကို ထိန်းသိမ်းနိုင်ဖို့ ကျမတို့ အကောင်းဆုံး ကြိုးစားနေပါတယ်။ ဒါပေမယ့် ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ဖို့နဲ့ ပြည်သူတွေ အပန်းဖြေဖို့ အတွက်ဆိုရင်တော့ အနီးအနားက သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိဘူးဆိုရင် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အတိုင်းအတာတခုအထိ ခွင့်ပြုပေးသွားပါမယ်။” ဟု ဒေါ်လှိုင်မော်ဦးက ပြောသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော KYAW PHYO THA ၏ Hot Air Balloon Development in Rangoon Park ကို ဘာသာပြန်သည်။