အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်နေသည့် အစိုးရအဖွဲ့ကို အကျပ်ရိုက်စေမည့် မေးခွန်းများ မေးမြန်းခြင်း၊ အပြုအမှုများ လုပ်ဆောင်ခြင်း၊ အများပြည်သူနှင့် ဆက်ဆံရာတွင် ပါတီ၏ ဂုဏ်သိက္ခာ မြှင့်တင်နိုင်ရေးတို့ကို ဦးတည် ဆောင်ရွက်ရန် ပါတီထိပ်ပိုင်း ခေါင်းဆောင်များက ညွှန်ကြားခဲ့သည်ဟု သိရသည်။
ယမန်နေ့ ညနေပိုင်းက လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိခန်းမတွင် ပြုလုပ်ခဲ့သည့် NLD ပါတီခေါင်းဆောင်များနှင့် NLD လွှတ်တော် ကိုယ်စားလှယ် တွေ့ဆုံပွဲတွင် ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က အထက်ပါအတိုင်း မှာကြားခဲ့ခြင်း ဖြစ်သည်ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
“ကိုယ်စားလှယ်တွေ အနေနဲ့ မေးခွန်းတွေ မေးတဲ့အခါမှာ အစိုးရကို ထိခိုက်နိုင်တဲ့ မေးခွန်းတွေကို ရှောင်ဖို့ ပြောတယ်။ အစိုးရက ကိုယ့် အစိုးရ ဖြစ်နေတယ်လေ။ ခေါင်းဆောင်တွေက အစိုးရကို ထိုးနှက်တဲ့စကားမျိုးတွေ မပြောစေချင်ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ အမျိုးသမီးအမတ်တဦးက ပြောသည်။
မကြာသေးမီ ကာလအတွင်းက ပြည်သူ့လွှတ်တော်တွင် NLD ပါတီမှ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က စိုက်ပျိုးရေး ဘဏ် ချေးငွေကိစ္စ အစိုးရကို မေးခွန်းထုတ်ရာတွင် အချက်ကျကျ ထောက်ပြနိုင်ခဲ့သဖြင့် ပြန်လည် ဖြေကြားရမည့် NLD ပါတီ ၀န်ကြီး အကျပ်ရိုက်ခဲ့ရခြင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုတယ်တခုသို့ သွားရောက်ရာမှ ပြဿနာ ဖြစ်ပွားခဲ့သည့် NLD မှ လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်း ကိစ္စတို့ကြောင့် ယခုတွေ့ဆုံပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကိုယ်စားလှယ်များက ပြောသည်။
NLD အစိုးရကို NLD လွှတ်တော်က Check and Balance လုပ်နိုင်ရန်မှာ ၂၀၂၀ ကျော်သည်အထိ ဖြစ်နိုင်မည်ဟု မထင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးမှ အမည်မဖော်လိုသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။
“မင်္ဂလာဒုံအမတ် ကိုအောင်နိုင်ဝင်း ထောက်ပြတဲ့ ကိစ္စက မှန်တယ်။ သူကတော့ ပြောမှာပဲ။ ခက်တာက အစိုးရက ကိုယ့်အစိုးရ ဖြစ်နေတယ်။ ကိုယ်တွေက အတိုက်အခံ ပွဲသိမ်းတာပေါ့။ ဒါပေမယ့် ကိုယ်အစိုးရဆိုတော့ သိက္ခာကျသွားတာပေါ့” ဟု ၄င်းက ပြောသည်။
NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်ကမူ ယခု တွေ့ဆုံမှုမှာ အထွေအထူး မရှိကြောင်း၊ မတွေ့ဆုံသည်မှာ ကြာပြီဖြစ်သဖြင့် တွေ့ဆုံခြင်း ဖြစ်ပြီး ကိုယ်စားလှယ်များ၏ ရည်မှန်းချက် မပျောက်စေရန် လမ်းညွှန်ခြင်း၊ ၄င်းတို့၏ အခက်အခဲများကို မေးမြန်းခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု တွေ့ဆုံပွဲ အပြီး မီဒီယာများသို့ ပြောသည်။
ဦးဝင်းထိန်က “အဓိကကတော့ လစဉ်လုပ်တဲ့ လမ်းကြောင်း ညှိရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော် လုပ်ငန်းတွေကလည်း ပီပီပြင်ပြင် ဖြစ်နေပြီ။ အုပ်ချုပ်ရေးကလည် ပီပီပြင်ပြင် ဖြစ်နေပြီ။ ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေကို ထိရောက်ဖို့အတွက် အစိုးက လုပ်နေတာကို လွှတ်တော်ကဏ္ဍကနေ တတ်နိုင်သမျှ ပံပိုးကူညီဖို့ ပြောတာပါ” ဟု ပြောသည်။
လွှတ်တော်တွင် အဆိုများ၊ မေးခွန်းများ မေးမြန်းရာတွင်လည်း ပြည်သူ့လွှတ်တော်တွင် မေးမြန်း ဆွေးနွေးခွင့် ရချိန်နှင့် အမျိုးသား လွှတ်တော်တွင် မေးမြန်း ဆွေးနွေးခွင့်ရချိန် မတူညီသည့်အပေါ် ကိုယ်စားလှယ်များက မေးခွန်းထုတ်ခဲ့ကြသည်ဟု သိရသည်။
“မေးခွန်းဆိုရင် ပြည်သူ့လွှတ်တော်မှာ ၅ မိနစ်ရပေမယ့် အမျိုးသား လွှတ်တော်မှာ ၃ မိနစ်ပဲ ရတယ်။ အဆိုတင်ရင်လည်း ပြည်သူ့မှာ ၁၀ မိနစ်ပေးပေမယ့် အမျိုးသားမှာက ၆ မိနစ်ပဲ ပေးတယ်။ အဲဒါကို အမတ်တွေက မကြေလည်ဘူး။ လွှတ််တော် ဥက္ကဋ္ဌတွေကတော့ အချိန် ပြန်ညှိပေးမယ်လို့ ပြောသွားတယ်” ဟု ရခိုင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။
ယင်းတွေ့ဆုံပွဲတွင် ဦးဝင်းထိန်က ရှမ်းပြည်နယ် NLD ပါတီဝင်တချို့ နုတ်ထွက်သွားရသည့် ကိစ္စကိုလည်း ရှင်းပြခဲ့သည်ဟုလည်း သိရသည်။
ရခိုင်ပြည်နယ်မှ လွှတ်တော် ကိုုယ်စားလှယ်တဦးကလည်း “ရှမ်းပြည်ကိစ္စက ပါတီ CEC ကို ဝေဖန်လို့ ထုတ်တာ မဟုတ်ဘူး။ ရွေးကောက် ပွဲကာလ ကတည်းက ပါတီရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ထုတ်တာလို့ ဦးဝင်းထိန်က ပြောတယ်။ ပြောချင်တာ ကတော့ ရွေးကောက်ပွဲမှာ မဲမဆွယ်ဘဲနဲ့ သူတို့လုပ်ချင်ရာကို လုပ်နေလို့ ထုတ်လိုက်တဲ့ သဘောပဲ” ဟု ဧရာဝတီသို့ ပြောသည်။
လိုအပ်ချက်လေးတွေ ဖြည့်ဖို့ ချိန်ခွင်လျှာ ညှိတာပေါ့။ မလုပ်ဖြစ်တာလည်း ကြာပြီ။ သွားတဲ့လမ်းကြောင်းနဲ့ ရပ်တည်ချက်အတိုင်းပဲ မေးခွန်း ထုတ်တာ၊ အဖြေထုတ်တာ အထဲက ပြောတာဆိုတာတွေ အားလုံး ရည်မှန်းချက် မပျောက်အောင်ပေါ့။ မေးခွန်းတွေ မေးဆိုတော့ ငြိမ်းချမ်းရေး ပွဲတော်ကို မဲနှိုက်တဲ့ကိစ္စကအစ ပြောနေတယ်။
ရွှေပြည်သာမြို့နယ်တွင် မိုတယ်တခုသို့ သွားရောက်ရာမှ ပြဿနာ ဖြစ်ပွားခဲ့သည့် NLD မှ လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်း ကိစ္စနှင့် ပတ်သက်၍ ဦးဝင်းထိန်က “ရွှေပြည်သာကိစ္စကတော့ တရားဥပဒေအတိုင်းပဲ လုပ်မှာ။ ဘာမှဝင်စွက်စရာ အကြောင်းမရှိဘူး”ဟု ပြောသည်။