သတင်း

ရန်ကုန်မြို့လည် လမ်းဘေးဈေးသည်အရေး ဖြေရှင်းမည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့လယ်ခေါင် မြို့နယ် ၄ မြို့နယ်အတွင်း လုပ်ကိုင်ရောင်းချနေသော လမ်းဘေးဈေးသည်များ တယောက်ချင်းစီကို စာရင်းကောက်ယူပြီး မြို့၏ လမ်းဘေးဈေးသည် အကြပ်အတည်းနှင့် ပလက်ဖောင်း လျှောက်လမ်းများကို စီမံခန့်ခွဲရန် ကြိုးစားနေကြောင်း သိရှိရသည်။

ယာဉ်ကြောပိတ်ဆို့မှုနှင့် လမ်းဘေးဈေးသည်များ အများဆုံးရှိနေသော မြို့လယ်မှ လမ်းမတော်၊ လသာ၊ ပန်းဆိုးတန်းနှင့် ကျောက်တံတားမြို့နယ်များအတွင်းရှိ လမ်းဘေးဈေးသည်များကို မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ၏ တာဝန်ရှိသူများက စက်တင်ဘာလ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လိုက်လံ စာရင်းကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လမ်းဘေးဈေးသည် တဦးချင်းစီ၏ အမည်၊ လက်ဗွေ၊ ရောင်းချသည့် နေရာနှင့် ရောင်းချသည့် ပစ္စည်းအမျိုးအစားများကို ကောက်ယူပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။ စာရင်းကောက်ယူခဲ့သော YCDC မှ တာဝန်ရှိသူများ၏ အဆိုအရ ထိုမြို့နယ်လေးခုတွင် လမ်းဘေးဈေးသည် အရေအတွက် အနည်းဆုံး ငါးထောင်ခန့်ရှိပြီး တမြို့နယ်စီတွင် ခန့်မှန်းခြေအားဖြင့် အနည်းဆုံး တထောင်ကျော် ရှိကြောင်း ဆိုသည်။

သို့သော်လည်း လမ်းဘေးဈေးသည် အချို့မှာ အချိန်နှင့် နေရာ ပုံမှန်မရှိဘဲ ပျံကျရောင်းချသောကြောင့် ငါးထောင်ဟူသည့် အရေအတွက်သည် ရှိနေသည့် ဈေးသည်အရေအတွက် အမှန်ကို ကိုယ်စားပြုနိုင်လိမ့်မည် မဟုတ်ကြောင်း လမ်းမတော်မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဦးကျော်အေးက ဧရာဝတီသတင်းဌာနကို ပြောသည်။

ထိုသို့ စာရင်းကောက်ယူခြင်းသည် ရန်ကုန်မြို့အတွင်းရှိ လမ်းဘေးဈေးသည်များ ပိုမိုစနစ်တကျ ရောင်းချနိုင်ရန် စီမံနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်ကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင်က ဧရာဝတီကို ပြောသည်။

“ရောင်းရမယ့်အချိန်၊ ရောင်းရမယ့်နေရာမှာ စနစ်တကျ ရောင်းနိုင်ဖို့အတွက် စီစဉ်နေတာ ဖြစ်တယ်” ဟု ဒေါ်သန်းမြင့်အောင်က ပြောသည်။

လမ်းဘေးဈေးသည်များကို စာရင်းကောက်ယူ မှတ်ပုံတင်ခြင်း အစီအစဉ်မှာ ဆောင်ရွက်နေဆဲ ဖြစ်သည့်အတွက် အသေးစိတ်မပြောနိုင်သေးကြောင်းလည်း ရှင်းပြသည်။

ဈေးရောင်းရန် သီးသန့်နေရာတခုကို ကမ်းနားလမ်း တနေရာတွင် သတ်မှတ်ပေးနိုင်ဖွယ် ရှိသည်ဟု စာရင်းကောက်ယူနေစဉ် YCDC ၏ တာဝန်ရှိသူများက ပြောပြသည်ဟု ဧရာဝတီသတင်းဌာနကို လမ်းဘေးဈေးသည်အချို့က တဆင့်ပြန်ပြောပြကြသည်။

မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထောင့်တွင် မုန့်ဟင်းခါးရောင်းချနေသော မမြမြသွေးက သူမ အနေဖြင့် လက်ရှိနေရာတွင် ၇ နှစ်ကျော်ကြာ ဈေးရောင်းခဲ့သည့်အတွက် အခြားတနေရာသို့ မပြောင်းချင်ကြောင်း ဧရာဝတီကို ပြောသည်။

“တကယ်လို့ ပြောင်းရ ရွှေ့ရမယ်ဆို မိတ်က ပြန်ရှာရမယ်၊ အခုကိုယ်ရောင်းနေတဲ့ နေရာလေးမှာပဲ အချိန်နဲ့ စနစ်တကျ ရောင်းချင်တယ်” ဟု ပြောသည်။

မကြာသေးမီက ထုတ်ဝေခဲ့သော ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရေးအဖွဲ့ (YHT) ၏ ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာတွင် အများပြည်သူ အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းသွားလမ်းလာများကို ဦးစားပေးထားသော်လည်း လမ်းဘေးဈေးသည်များကိုပါ ရောင်းချခွင့်ပေးထားသော လမ်းညွှန်ချက်များကို ဈေးသည်များနှင့် ပူးပေါင်းတိုင်ပင် ရေးဆွဲရန် အကြံပြုထားသည်။

ထို့အပြင် လမ်းသွားလမ်းလာများ လွတ်ကင်းစွာ သွားလာနိုင်စေရေးအတွက် ဈေးသည်များ၏ ထီးများကို မြေပြင်မှ အနည်းဆုံး ၇ ပေ အမြင့်ရှိရန် လိုအပ်ကြောင်းလည်း အကြံပြုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading