သတင်း

တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း အမေရိကန် ဗိုလ်ချုပ်ကြီး တွေ့ဆုံ

Want create site? Find Free WordPress Themes and plugins.

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၄ရက်နေ့က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် တွေ့ဆုံခဲ့ကြောင်း UNFC နှင့် အမေရိကန်သံရုံးမှ သတင်းအရင်းအမြစ်များ၏ အဆိုအရ သိရသည်။

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ် စကော့မာစီရယ်၊ အမေရိကန်ပြည်ထောင်စု ပစိဖိတ်စစ်ဌာနချုပ်၏ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ်တို့နှင့် UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများများ ကိုယ်စားလှယ်များအကြား သံရုံးအတွင်း ဆွေးနွေးကြခြင်း ဖြစ်ကြောင်း အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧရာဝတီသတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။ အစည်းအဝေး အသေးစိတ်ကို ထုတ်ဖော်ပြောပြခဲ့ခြင်း မရှိပေ။

UNFC အဖွဲ့နဲ့ အတူ အဆိုပါတွေ့ဆုံပွဲသို့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်း တက်ရောက်ခဲ့သည်။ ထိုအဖွဲ့များမှာ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီတပ်ဦး၊ ကရင် အမျိုးသား အစည်းအရုံး၊ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ချင်းအမျိုးသား တပ်ဦးတို့ ပါဝင်ကြသည်။

ပစိဖိတ်စစ်ဌာနချုပ်၏ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ် မြန်မာနိုင်ငံသို့ လာရောက်သော သုံးရက်ကြာခရီးစဉ်အတွင်း အမေရိကန်သံရုံးက UNFC မှ ခေါင်းဆောင်များနှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်သော တိုင်းရင်းသားလူမျိုးများရေးရာစင်တာ၏ ဒုတိယ ညွှန်ကြားရေးမှူး နိုင်ပုညမွန် ကပြောသည်။

“သူတို့က မြန်မာ့တပ်မတော်နဲ့လည်း တွေ့ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒါကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့တာပါ” ဟု နိုင်ပုညမွန်ကပြောသည်။

စက်တင်ဘာလ ၅ ရက်နေ့က နေပြည်တော်တွင် အကြီးပိုင်း အမေရိကန် အစိုးရတာဝန်ခံနှင့် တပ်မတော်မှ တာဝန်ရှိသူများက အမေရိကန်နိုင်ငံတွင် အရပ်သားများကို မည်သို့ ထိန်းချုပ်သည်ဆိုသော စစ်တပ်၏ အခန်းကဏ္ဍများကို ဆွေးနွေးရန်တွေ့ဆုံခဲ့ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ၎င်းတို့၏ တရားဝင်ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့သော UNFC ဒုဥက္ကဌ နိုင်ဟန်သာက အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် “ကျနော်တို့သွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေ ဘယ်လိုရှိတာလဲ အဲဒါမေးတယ်။ ပြီးတော့ အခု သွားနေတဲ့ ငြိမ်ချျမ်းရေးလမ်းကြောင်းက ဘယ်လို အခက်အခဲ ရှိနေလဲ အဲဒါလည်း မေးတယ်။ သူတို့ဘက်ပြောတာက သူတို့အနေနဲ့ ကူညီလို့ရနိုင်တဲ့အပိုင်းတော့ ကူညီပေးသွားမယ်တဲ့” ဟု ဧရာဝတီ သတင်းဌာနသို့ပြောသည်။

အဆိုပါ အမေရိကန် ကိုယ်စားလှယ် အဖွဲ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်နှင့် အမေရိကန်၏ စီးပွားရေး အရေးယူပိတ်ဆို့မှုများ ဖြေလျော့ခြင်းတို့ကို ပြောကြားခဲ့ ကြောင်း နိုင်ဟန်သာ၏ အဆိုအရ သိရသည်။

“အမေရိကန်က မြန်မာနိုင်ငံ စီးပွားရေးပိတ်ဆို့မှုအားလုံးကို ပြန်ပြီး ဖွင့်မယ့်အကြောင်း ပြောသွားပါတယ်။ ဒါပေမယ့် စစ်ရေးနဲ့ လက်နက်အရေးကိစ္စကိုတော့ ပိတ်ဆို့မူအနေနဲ့ ဆက်ပြီး ထားရှိနေဦးမယ်တဲ့။ လုပ်ငန်းပိုင်းအရ အနည်းနဲ့ အများတော့ မြန်မာ့တပ်မတော်ကိုတော့ သူတို့ ပညာပေး ကူညီသွားမယ်တဲ့။ သူတို့ပေးမယ့် အကူအညီက တိုင်းရင်းသားတပ်တွေကို ပြန်တိုက်ဖို့အားအင်တခုအနေနဲ့ မြန်မာ့တပ်မတော်ကို မကူညီပါဘူးတဲ့။ ဒီလိုမျိုးအထောက်အပံ့ကိုတော့ သူတို့က မပေးဘူးတဲ့။ သူတို့ကူညီမည့်ဟာက ဒီမိုကရေစီစနစ်မှာ တပ်မတော်က ပြည်သူတွေကို ကူညီရမလဲ၊ ပြီးတော့ ပြည်သူတွေကို ဘယ်လို ကာကွယ်ရမလဲဆိုတာတော့ ပညာပေးသွားမယ်တဲ့”ဟု နိုင်ဟန်သာက ပြောသည်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပခဲ့သော်လည်း မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဆက်လက်တိုက်ခိုက်နေသည့်အတွက် ငြိမ်းချမ်းရေးရရန် လုပ်ဆောင်နေသည်ဟု မယုံကြည်ကြောင်း နိုင်ဟန်သာက အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ပြောခဲ့သည်။

စစ်တပ်သည် တိုင်းပြည်ကို နှစ် ၅၀ ကျော် အုပ်ချုပ်ခဲ့ပြီး အထူးအခွင့်အရေးရရှိထားသည့်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲရန် တွန်းအားပေးဖို့ ခက်ခဲကြောင်း နိုင်ဟန်သာက ပြောသည်။ ပြုပြင်ပြောင်းရေးလုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပိုမိုဖိအားပေးရန် လိုအပ်ကြောင်း နိုင်ဟန်သာက အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ပြောသည်။

မကြာသေးမီက မြန်မာ့တပ်မတော်သည် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်များတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလျက်ရှိသည်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကလည်း ထိုဆွေးနွေးပွဲတွင် တိုင်းရင်းသား ဒေသများအတွင်း ဖြစ်ပွားလျက်ရှိသော စစ်ပွဲ အခြေအနေများကိုလည်း မေးမြန်းခဲ့ကြောင်း သိရသည်။

အကယ်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ NCA လက်မှတ်ရေးထိုးခဲ့လျင် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောဆိုရန် ပို၍ လွယ်ကူမည်ထင်ကြောင်း အမေရိကန် ကိုယ်စားလှယ် အဖွဲ့က ပြောခဲ့သည်။

“ဒါက သူတို့အမြင်ကို သူတို့ပြောတာပါ။ ကျနော်တို့ပြန်ပြောတာက ကျနော်တို့အားလုံးပါဝင်နိုင်ရေးမူဝါဒကို တောင်းနေတယ်။ ပြီးတော့ သုံးပွင့်ဆိုင်ဆွေးနွေးရေး နိုင်ငံရေးလမ်းစဉ်ဖြစ်ရေးကိုလည်း တောင်းနေတယ်။ ဒီဟာတွေ သဘောတူညီရင် ကျနော်တို့အားလုံး NCA ကို လက်မှတ်ထိုးမယ်လို့ ပြောလိုက်တယ်။ ကျနော်တို့ဘက် ဖြစ်နေတဲ့ နိုင်ငံရေးပြသနာကို အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းချင်တယ်လို့ ပြောလိုက်တယ်” ဟု နိုင်ဟန်သာက ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ညှိနှိုင်းရေးနဲ့ ပတ်သက်ပြီး “ဒီပွဲမှာ ကျနော်တို့ ဝင်မကစားတာ ကောင်းပါတယ်။ ဘာဖြစ်လဲဆိုတော့ ကိုယ်စားလှယ်ဦးရေအရရော ဘောလုံးရဲ့ ဒိုင်လူကြီးပါ သမာသမတ်မရှိတော့ ကျနော်တို့ ဒီပွဲထဲ ဝင်မကစားတာပါ။ သူတို့ဘက်မှာ လွှတ်တော်၊ စစ်တပ်၊ အစိုးရ ဆိုပြီး ကိုယ်စားလှယ် ၃ ဖွဲ့ ပါဝင်ခွင့်ရတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်ဘက်မှာတော့ ကိုယ်စားလှယ်တစ်ဖွဲ့ပဲ ပါဝင်ခွင့်ရတယ်”ဟု နိုင်ဟန်သာက ပြောသည်။

“ဒါက ကိုယ်စားလှယ်ဦးရေအရ ပြောရင် မမျှပါဘူး၊ ရိုးသားမှုလည်း မရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့က သုံးပွင့်ဆိုင် အစည်းအဝေးကို တောင်းဆိုတာပါ”ဟု နိုင်ဟန်သာ ကပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading