သတင်း

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု နေပြည်တော်တွင် စတင်

ဝန်ထမ်းများ ပြည်သူ့အကျိုး ဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဟောပြောပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နေပြည်တော်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတွင် ကျင်းပခဲ့ရာ ယခုလှုပ်ရှားမှုသည် အစိုးရသစ်၏ ပထမဦးဆုံး အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတခု ဖြစ်ကြောင်း သိရသည်။

နံနက်ပိုင်းက စတင်ကျင်းပခဲ့သည့် ယနေ့ ဟောပြောပွဲကို ဒေါက်တာ အောင်ထွန်းသက်နှင့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် တို့က ဦး ဆောင်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ပြည်သူလူထု အကျိုး ထိရောက်စွာ ဖော်ဆောင်ရေး၊ အဂတိ လိုက်စားမှု ကင်းရှင်းရေး ခေါင်းစဉ်များဖြင့် ဝန်ကြီးဌာနအတွင်း အဆင့်မြင့် အရာရှိများနှင့် ဝန်ထမ်းများက အစုအဖွဲ့လိုက် ပုံစံဖြင့် ဆွေးနွေးကြမည် ဖြစ်သည်။

အထက်ပါ ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “ကျနော်တို့မှာ ပြောင်းလဲလာတဲ့ မှန်ကန်တဲ့ အုပ်ချုပ်မှုစနစ် လိုအပ်တယ်။ မှန်ကန်တဲ့ အုပ်ချုပ်မှုစနစ်ဆိုရင် အဂတိလိုက်စားမှု ကင်းရမယ်။ အဲဒီလို လုပ်ဖို့ အတွက် အဓိက လိုအပ်တာက ဝန်ထမ်းတွေပဲ။ ဝန်ထမ်းတွေက ပြောင်းလဲရမယ်။ သူတို့ဟာ အပြောင်းအလဲမှာ အရမ်း အရေးကြီးတယ်။ ဒါကြောင့် ဒီအလုပ်ရုံ ဆွေးနွေးပွဲကို လုပ်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

အဂတိ လိုက်စားမှုကို တိုက်ဖျက်မည်ဆိုပါက “Don’t give, Don’t take” ဟု ခေါ်သည့် “မပေးဘူး၊ မယူဘူး” ဆိုသည့် ကိစ္စကို စတင်ရမည် ဖြစ်ကြောင်း၊ ပေးသူရှိနေသ၍ ယူသူလည်း ရှိနေနိုင်သလို ယူသူရှိနေသ၍ ပေးသူကလည်း ရှိနေဦးမည် ဖြစ်ကြောင်း၊ ထို့ကြောင့် Corruption ကို တိုက်ဖျက်မည့် အလုပ်ကို ကိုယ်ကိုယ်တိုင်က စတင်ရမည်ဖြစ်ကြောင်း ဟောပြောပွဲတွင် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

“အရင် အစိုးရလက်ထက်မှာ နေပြည်တော်ကို တခေါက်တက်တာနဲ့ ချမ်းသာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဘတွေက စောင့်ရှောက်တာကိုး။ သူတို့ လက်မှတ်လေး တချက်ထိုးပေးလိုက်တာနဲ့ ချမ်းသာသွားတဲ့သူတွေ အများကြီးပဲ” ဟု ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

အစိုးရအနေဖြင့် အဂတိလိုက်စားမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန် အဂတိ လိုက်စားသူများကို စံပြအနေဖြင့် ထိထိရောက်ရောက် အရေးယူပြခြင်း၊ ထိရောက်မှု မရှိသည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပေးရန် လိုအပ်ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောသည်။

“လွှတ်တော်ထဲမှာ မြောက်ဒဂုံက အမတ် ဒေါက်တာ ခင်မောင်မောင် ပြောတဲ့ လဝက ဝန်ထမ်းဆိုရင် အဖေနဲ့ အမေ နိုင်ငံသား ဖြစ်လျက်သားနဲ့ သမီးကို မှတ်ပုံတင် ထုတ်မပေးဘူး။ ပိုက်ဆံမပေးလို့ ထုတ်မပေးတာလားဆိုပြီး လွှတ်တော်မှာ မေးခွန်းထုတ်ခံရပြီဆိုရင် ဒါကို ချက်ချင်း စုံစမ်းစစ်ဆေးပြီး အရေးယူရမှာ။ အဲဒီလို ချက်ချင်းဖမ်းပြီး ထောင်ထဲ မထည့်နိုင်သရွေ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး” ဟု ပြောသည်။

ဦးနေမျိုးထွန်းက ယခု ကျင်းပနေသည့် အစည်းအဝေး ကာလအတွင်း လွှတ်တော်တွင် ကြယ်ပွင့်မပြ မေးခွန်း ၃၀ ခန့် မေးမြန်းခဲ့ရာ အများစုမှာ အဂတိလိုက်စားမှုနှင့် သက်ဆိုင်သည့် ကိစ္စများ ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အဂတိလိုက်စားမှုကို ထိထိရောက်ရောက် မလုပ်နိုင်သည်မှာ ယင်းကိစ္စများကို အမှန်တကယ် အရေးယူမည်ဆိုပါက မည်သူမျှ လွတ်နိုင်မည် မထင်ကြောင်း၊ ထို့ကြောင့် NLD အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နောက်ပိုင်းတွင် အဂတိလိုက်စားမှုများကို လုံးဝခွင့်မလွှတ်ဟု အစိုးရက တိုင်းပြည်သို့ ကြေညာရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။

“တိုင်တဲ့သူ ရှိရှိ၊ မရှိရှိ ဒီ်ကိစ္စတွေကိုု စုံစမ်းဖော်ထုတ်ရမယ်။ ဥပမာ သာမန် စာရေးတယောက်က တိုက်ဆောက်၊ ကားစီးနေပြီဆိုရင် စုံစမ်း ဖော်ထုတ်ဖို့ လိုတယ်။ ဒီလို စုံစမ်းဖို့ သမ္မတရဲ့ အာဏာရတဲ့ အထူးအဖွဲ့တခု လိုတယ်။ ဒီအဖွဲ့က စုံစမ်းလို့ အဂတိလိုက်စား ထားတယ်ဆိုရင် ဘယ်သူ့မှ မညှာနဲ့၊ အကုန်ထောင်ထဲထည့်ပစ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ဧရာဝတီသို့ ပြောသည်။

ဝန်ထမ်းများ အဂတိလိုက်စားမှု မရှိစေရန် အစိုးရကလည်း ပံ့ပိုးပေးရမည့် ကိစ္စများ ရှိပြီး ဝန်ထမ်းများအနေဖြင့် ၎င်းတို့ ရသင့်သည့် ရပိုင်ခွင့်နှင့် အခွင့်အရေးများကိုလည်း အပြည့်အ၀ ရသင့်သည်ဟုလည်း ယခင် အစိုးရ ဝန်ထမ်းဟောင်းတဦး ဖြစ်သူ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

“ကျနော်တို့ ဝန်ထမ်းတွေရဲ့ အခွင့်အရေးတွေကိုလည်း အပြည့်အဝရအောင် လုပ်ပေးမယ်။ ဝန်ထမ်းတွေ ဘက်ကလည်း ထမ်းဆောင်ရမယ့် တာဝန်ကို ကျေပွန်ရမယ်။ စည်းကမ်းကို မဖောက်ဖျက်ရဘူး။ စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို စောင့်ထိန်းရမယ်။ ဒီ ၃ ခုလုပ်ရင် ကျွန်တော်တို့က ဝန်ထမ်းအခွင့်အရေးကို အပြည့်အဝရအောင် လုပ်ပေးမယ်” ဟု ဝန်ကြီးက ပြောသည်။

အဂတိ လိုက်စားမှုများ ထိထိရောက်ရောက် ဆောင်ရွက်ရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုတခုကိုလည်း ၂၀၁၆ ခုနှစ်၊ သြဂုတ်လအတွင်းက ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူ မရှိ အတည်ပြုခဲ့သေးသည်။

အဂတိလိုက်စားမှု မရှိစေရန် NLD အစိုးရ ဝန်ကြီးများ အနေဖြင့် တာဝန်ခံကြောင်းလည်း ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

“ကျနော်တို့ ကိုယ်တိုင်က လုံရမယ်။ ကျနော်တို့ တာဝန်ခံတယ်။ ကျနော်တို့ မလုံရင် ကျနော်တို့ အပြစ်ပဲ။ ဒီအတိုင်းကို ကြွေးကြော် ပြီးတော့ ဒီမူနဲ့ကို ဝင်လာတာဖြစ်တဲ့ အတွက်ကြောင့် ဒါအတွက် စိတ်မပူပါနဲ့” ဟု သူက ပြောသည်။

Loading