မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဝတ်ရွတ်နေသည့် ဓမ္မာရုံအတွင်းသို့ ဖိနပ်စီးဝင်ကာ အသံချဲ့စက် ပလပ် ဆွဲဖြုတ်သည့် နယ်သာလန်နိုင်ငံသား မစ္စတာ ကလပ် ဟစ်ဂျ်တီမာ (Mr. Klaas Haijtema) အား ထောင်ဒဏ် ၃ လ နှင့် ဒဏ်ငွေ ၁ သိန်းကျပ် ကျခံရန် မဟာအောင်မြေမြို့နယ် တရားသူကြီး ဦးဝင်းနိုင်က ယနေ့ အမိန့်ချလိုက်သည်။
“တရားခံ မစ္စတာ ကလပ်ဟာ ဝတ်ပြုကိုးကွယ်သည့် နေရာကို ဖိနပ်စီးဝင်သွားတဲ့အတွက် ယုတ်ညံ့စေလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်သော်လည်း ဝတ်ရွတ်အဖွဲ့အား အထိတ်တလန့် ဖြစ်ခဲ့ရခြင်း၊ အနှောင့်အယှက် ဖြစ်ခဲ့ခြင်းက မငြင်းနိုင်ပါ။ ထို့ကြောင့် ရာဇသတ်ကြီးပုဒ်မ (၂၉၆) အရ ပြစ်မှု ကျုးလွန်ကြောင်းသာ ထင်ရှားသဖြင့် ပြစ်ဒဏ်အား ရုံးတော်က ပြောင်းလဲချမှတ်လိုက်ပါတယ်” ဟု မြို့နယ်တရားသူကြီး ဦးဝင်းနိုင်က ရုံးတော်တွင် ဖတ်ကြားခဲ့သည်။
ရာဇသတ်ကြီးပုဒ်မ (၂၉၆) အရ ထောင်ဒဏ် ၃ လကို မန္တလေး အိုးဘိုအကျဉ်းထောင်တွင် လည်းကောင်း၊ လဝက အက်ဥပဒေ ၁၃ (၁) အရ ဒဏ်ငွေ ၁ သိန်းကို လည်းကောင်း ကျခံရမည်ဟု အမိန့်ချမှတ်လိုက်သည်။
စက်တင်ဘာ ၂၃ ရက်၊ ည ၁၀ နာရီကျော် အချိန်ခန့်က မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်တခုတွင် တည်းခိုနေသည့် နယ်သာလန် နိုင်ငံသား မစ္စတာ ကလပ်က ၎င်းတည်းခိုရာအနီးက ဓမ္မာရုံတွင် ဝတ်ရွတ်နေသည့် ဆူညံသံကို နားမခံနိုင်၍ ဓမ္မာရုံအတွင်း ဖိနပ်စီးဝင်ရောက်ကာ ဆောင်းဘောက်နှင့် အသံချဲ့စက် ပလပ်တို့အား ဆွဲဖြုတ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထိုသို့ ပြုမူခဲ့သည့်အတွက် ဘာသာ၊ သာသနာအား ညှိးနွမ်းစေမှုအဖြစ် ရာဇသတ်ကြီးပုဒ်မ ၂၉၅ ဖြင့် ဓမ္မာရုံ ဝတ်ရွတ်အဖွဲ့ခေါင်းဆောင်က တရားလိုပြုကာ အမှတ် (၉) ရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ၁ ဦးက နိုင်ငံ၏ ဗီဇာစည်းကမ်းများ ဖောက်ဖျက်သည့် အတွက် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၃ (၁) ဖြင့်လည်း အမှုဖွင့်ခဲ့သည်။
သို့သော် မစ္စတာ ကလပ်သည် မြန်မာနိုင်ငံ၏ ကိုးကွယ်ရာ ဘာသာ၊ သာသနာအား စော်ကားလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်သော်ကြောင့် ပုဒ်မ ၂၉၅ ဖြင့် ပြစ်မှု မထင်ရှားသဖြင့် ပုဒ်မပြောင်းလဲ အမိန့်ချမှတ်ခြင်းဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်၍ တရားခံရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးလှကိုက “ဘာသာ၊ သာသနာကို နှောက်ယှက်တယ် ဆိုတဲ့အတွက် ပုဒ်မ ၂၉၆ နဲ့ ပြောင်းလဲ အမိန့်ချလိုက်တယ်။ သူ (မစ္စတာ ကလပ်) ဘက်က ဆန္ဒရှိတယ်ဆိုရင် ခရိုင်ရုံးကို အယူခံတင်ပေးဖို့ရှိပါတယ်။ ဥပဒေဘောင်အတွင်းက အယူခံလိုက်လို့ရှိရင် လျော့ချင်လျော့မယ်။ လွတ်ချင်လွတ်မယ်” ဟု ပြောသည်။