ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံးမြို့နယ်များအတွင်း သွားလာရေး လွယ်ကူစေရန် မော်တော်ဆိုင်ကယ် စီးနှင်းခွင့်ကို တရားဝင် စီနင်းခွင့်ပြုရန် စီစဉ်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရွှေပြည်သာမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်မင်း၏ မော်တော်ဆိုင်ကယ် တရားဝင် မောင်းနှင်စီးနင်းခွင့်နှင့် နယ်မြေဒေသအတွင်း မော်တော်ဆိုင်ကယ် လိုင်စင်ပြုလုပ်ပေးရန်၊ ယာဉ်သက်တမ်း တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ စသည့် မေးခွန်းများ မေးမြန်းမှုအပေါ် ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကိုယ်စားလှယ်ကြီးပြောတဲ့ ရွှေပြည်သာ၊ လှိုင်သာယာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာဒုံ စတဲ့ မြို့နယ်တွေမှာ ဆိုင်ကယ်တွေဟာ မရှိမဖြစ် သုံးစွဲနေကြတာကို ကျမတို့ အနေနဲ့ သိရှိပါတယ်။ ဒါကြောင့် ဆိုင်ကယ်တွေကို တရားဝင် ဥပဒေတွေနဲ့ ညီညွှတ်အောင် ဆောင်ရွက်ပေးဖို့အတွက် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ဆိုသည်။
မော်တော်ယာဉ် မောင်းနှင်မှုနှင့် ပတ်သက်၍ ယခင် သတ်မှတ်ခဲ့သည့် စည်ပင်နယ်နိမိတ်အတိုင်း အလွယ်တကူ သတ်မှတ်ရန် မဖြစ်နိုင်သဖြင့် နယ်နိမိတ် သတ်မှတ်ရေးအတွက် သေချာ စိစစ်ဆောင်ရွက်နေကြောင်း ဖြေကြားခဲ့သည်။
နယ်နိမိတ်သတ်မှတ်ချက်များ သတ်မှတ်ပြီးနောက် တရားဝင် စီးနင်း ခွင့်ပြုသည့်အခါ ယာဉ်လိုင်စင်၊ လူလိုင်စင်များ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ မော်တော်ယာဉ် စီးနှင်းခွင့်ကို ဥပဒေနှင့် အညီ လုပ်ဆောင်ရန် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ အထိ ရွှေပြည်သာမြို့နယ်တခုတည်း၌ပင် မော်တော်ဆိုင်ကယ်နှင့် မတော်တဆ ဖြစ်ပွားမှု ၄၄ မှု ရှိခဲ့ပြီး သေဆုံးသူ ၁၃ ဦး ရှိခဲ့ကြောင်း သိရသည်။