ကရင်အမျိုးသား အစည်းအရုံး (KNU) က ၎င်း၏ ဦးဆောင်မှုအောက်တွင် တစုတစည်းထဲ ပါဝင်နိုင်ရန် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် DKBA ခွဲထွက်အဖွဲ့ကို ဖိတ်ခေါ်ခဲ့သည်။
အကွဲကွဲ အပြားပြား ဖြစ်နေသည့် ကရင်လက်နက်ကိုင် လှုပ်ရှားမှုကို တစုတစည်းတည်း ပေါင်း၍ ညီညွတ်သော တပ်ဦး တခု၏ အောက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် KNU က ကြိုစားနေခြင်း၏ တစိတ်တပိုင်း အနေဖြင့် ထိုသို့ ဖိတ်ခေါ်ခဲ့ ခြင်း ဖြစ်သည်။ ဆယ်စုနှစ် များစွာအတွင်း ကရင်လက်နက်ကိုင် တော်လှန်မှုမှာ ဂိုဏ်းဂဏ ကွဲပြားမှုနှင့် အစိုးရစစ်တပ်၏ သွေးခွဲမှုတို့ကြောင့် အဖွဲ့အမျိုးမျိုး ကွဲပြားနေခဲ့ရသည်။
ပြီးခဲ့သည့်လက ကရင်ပြည်နယ် လှိုင်းဘွဲ့ ဒေသများမှ မဲသဝေါနှင့် မြိုင်ကြီးငူတို့တွင် DKBA ခွဲထွက်အဖွဲ့နှင့် တပ်မတော်၊ တပ်မတော်၏ မိတ်ဘက်အဖွဲ့ဖြစ်သော နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ DKBA ခွဲထွက်အဖွဲ့မှ ဗိုလ်နားမကြား ကျဆုံးပြီးနောက် KNU ၏ ဖိတ်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲကြောင့် ရွာသား ၄ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုချိန်ထိ ရွေ့ပြောင်းနေထိုင်ရဆဲ ဖြစ်သည်။
အောက်တိုဘာလ ၄ရက်နေ့က ထုတ်ပြန်သော KNU ၏ ထုတ်ပြန်ချက်တွင် KNU မှ ခွဲထွက်ခဲ့သော ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများသည် ကရင် အမျိုးသား အစည်းအရုံး၏ နိုင်ငံရေး ဦးဆောင်မှု အောက်တွင် တစုတစည်းထဲ ပါဝင်နိုင်ရန် အထူးလိုအပ်ကြောင်း ဖော်ပြထားသည်။
DKBA ခွဲထွက်ကရင် လက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် ၎င်းတို့ အဖွဲ့အစည်းကို ဖျက်သိမ်း၍ KNU၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်သို့ ဝင်ရန် လိုအပ်ကြောင်း အဘယ် ကြောင့်ဆိုသော DKBA ၏လက်ရှိ မူဝါဒများမှာ KNU နှင့် ဆန့်ကျင်နေသောကြောင့် ဖြစ်ကြောင်း KNU ၏ တွဲဖက် အတွင်းရေးမှူးဖြစ်သော စောသောသီးဘွယ်က ပြောသည်။
“ဒါပေမယ့် အဲဒါကတော့ DKBA ခွဲထွက် အဖွဲ့အနေနဲ့ ပြန်ပေါင်းချင်သလား မပေါင်းချင်ဘူးလားဆိုတဲ့ ပေါ်မှာ မူတည်နေ ပါတယ်”ဟု စောသောသီးဘွယ်က ပြောသည်။
KNU ၏ ထုတ်ပြန်ချက်သည် ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီ၏ ရည်မှန်းချက်များနှင့် အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း စောသောသီးဘွယ်က ပြောသည်။ မတူညီသော ကရင်လက်နက်ကိုင် အဖွဲ့များအကြား နှစ်ပေါင်း ၂၀ ကျော် တိုက်ပွဲများဖြစ်ပွားပြီးနောက် စည်းလုံးညီညွတ်မှု တည်ဆောက်ရန် ရည်ရွယ်၍ အဆိုပါ ကော်မတီကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ KNLA၏ စစ်ဦးစီးချုပ် စောဂျော်နီက ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီ၏ လက်ရှိ ဥက္ကဌ ဖြစ်သည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော် (DKBA) ခွဲထွက်အဖွဲ့သည် စစ်သားတရာကျော်ဖြင့် စတင် တည် ထောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံးအတိုင်းအတယဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA ) လက်မှတ် ရေးထိုးပြီးနောက် ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ ခွဲထွက်ခဲ့ ခြင်းဖြစ်သည်။ လက်ရှိ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တွင် အဖွဲ့ဝင်တပ်သား၂၀၀၀ ဝန်းကျင် ရှိသည် ဟု ခန့်မှန်းရသည်။
ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) သည် ၁၉၉၄ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင် အများစုပါဝင်သည့် အဖွဲ့က ခရစ်ယန်အများစု လွှမ်းမိုးထားသည့် KNU မှ ခွဲထွက် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်း တိုက်ပွဲများတွင် အစိုးရ တပ် မတော်နှင့် ပူးပေါင်း၍ KNU ကို တိုက်ခိုက်ခဲ့သည်။ ယခင်က အမည်တွင် “Buddhist” ဆိုသည့် စကားလုံး ကို ထည့်သွင်း အသုံးပြုခဲ့ပြီးနောက်၂၀၁၂ ခုနှစ်တွင် “Benevolent” ဆိုသည့် စကားလုံးဖြင့် အစားထိုးခဲ့သည်။ နောက်ထပ် ထပ်ကွဲခဲ့သော အဖွဲ့သစ်က ယခင် အသုံး အနှုံး ဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော် (DKBA) အမည်ကို ပြန်လည် အသုံးပြုရန် ရွေး ချယ်ခဲ့သည်။
အခြားသော ကရင်လက်နက်ကိုင် အဖွဲ့များမှာ KNLA ငြိမ်းချမ်းရေး ကောင်စီ (KNLA-Peace Council)၊ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့(Karen Peace Force) နှင် ဖဒိုအောင်ဆန်း ဦးဆောင်သော ဘုရားကုန်း ကရင် ငြိမ်းချမ်းရေး အဖွဲ့တို့ ဖြစ်ကြသည်။