လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော် အစည်းအဝေး ရပ်နားစဉ်ကာလအတွင်း မိမိတို့ရဲ့ မဲဆန္ဒနယ်တွေကို ပြန်လည်ရောက်ရှိချိန် ဥပဒေပြုမဏ္ဍိုင်အနေနဲ့ Check and Balance လုပ်ဆောင်တဲ့အခါ ကန့်သတ်ချက် ဘောင်တွေကို ကျော်လွန်ပြီး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကဏ္ဍတွေမှာ ဝင်ရောက် စွက်ဖက်ခြင်း မဖြစ်ရအောင် သတိပြုကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မှာကြားလိုက်ပါတယ်။
“ဒါဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ ၃ ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာတွေကို ခွဲဝေပိုင်းခြား ကျင့်သုံးခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ခွဲဝေပိုင်းခြား ကျင့်သုံးခြင်းနဲ့ အာဏာ အလွဲသုံးခြင်းကို ကာကွယ်ပြီး ဒီမိုကရေစီ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်”လို့ ဦးဝင်းမြင့်က လွှတ်တော်မှာ ပြောပါတယ်။
ဒီနေ့ဟာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၄၇ ရက်မြောက်နေ့ နောက်ဆုံး ကျင်းပတာဖြစ်ပြီး လွှတ်တော် အစည်းအဝေးတွေကို ခဏ ရပ်နားထားမှာဖြစ်ပြီး ပြန်လည်ကျင်းပမယ့် ရက်ကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
လွှတ်တော် အစည်းအဝေးတွေ ရပ်နားထားစဉ်ကာလအတွင်းမှာ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေတွေကို ပြန်လည် ရောက်ရှိတဲ့အခါမှာ ဒီမိုကရေစီ ကျင့်စဉ်တွေနဲ့ အညီ လုပ်ကိုင်ဆောင်ရွက်ကြဖို့နဲ့ ကိုယ်စားလှယ်တွေရဲ့ တာဝန်၊ ဥပဒေပြုရေး မဏ္ဍိုင်ရဲ့ အခန်းကဏ္ဍတွေကို ခြေခြေမြစ်မြစ် သိနေဖို့ လိုတယ်လို့လည်း ဦးဝင်းမြင့်က ဆိုပါတယ်။
လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အုပ်ချုပ် ရေး မဏ္ဍိုင်ကို တည့်မတ်ရတဲ့ အခါမှာ ဝင်ရောက်စွက်ဖက်သလိုလည်း မဖြစ်အောင် တော်တော်လေး ကြိုးစားရတယ်လို့ ဥပဒေကြမ်း ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောပါတယ်။
“ကျနော်တို့ တကယ် ဝင်ပြီး အလုပ်လုပ်တဲ့အခါ အခက်အခဲတွေ ရှိတယ်။ အဲဒါကြောင့် အုပ်ချုပ်ရေးကို ဝင်မစွက်ဘဲနဲ့ အလုပ်ဖြစ်အောင် လွှတ်တော်မှာ ကြယ်ပွင့်မပြတဲ့ မေးခွန်းတွေ အများကြီး မေးရတယ်။ မေးပြီဆိုရင် သူတို့ မလုပ်လို့ မရတော့ဘူး။ ဒါပေမယ့် ရလဒ်ထွက်ဖို့ နည်းနည်းတော့ ကြာတယ်”လို့ ဦးနေမျိုးထွန်းက ပြောပါတယ်။
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေဟာ ယနေ့အထိ ၄၇ ရက်အထိ ရောက်ရှိ ခဲ့ဲပြီး ဒီကာလအတွင်းမှာ ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၂၂၅ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၄၀၇ ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆို အနေနဲ့လည်း အရေးကြီးအဆို ၂ ခုအပါအဝင် စုစုပေါင်း အဆို ၁၆ ခု တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုတွေမှာ အတည်ပြုနိုင်ခဲ့တဲ့ အဆိုက ၄ ခု၊ မှတ်တမ်းတင်အဆိုက ၉ ခု၊ အတည်မပြုအဆို ၂ ခုနဲ့ ဆွေးနွေးရန် မသင့်ဘူးလို့ ဆုံးဖြတ် ခဲ့တဲ့ အဆို ၁ ခုတို့ ရှိခဲ့ပြီး ဥပဒေကြမ်း အနေနဲ့ ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်း ၅ ခု အပါအဝင် ဥပဒေကြမ်း ၁၉ ခုရှိပြီး ဥပဒေကြမ်း ၁၀ ခုကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ဆက်လက် ဆွေးနွေးဖို့ ဥပဒေကြမ်း ၉ ခု ရှိသေးတယ်လို့လည်း သိရပါတယ်။
ပြည်သူ့လွှတ်တော် စတင်ကျင်းပခဲ့တဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ယနေ့ အထိ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ ၁၉ ခုရဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ တွေ့ဆုံပွဲတွေမှာ ပြည်တွင်းဧည့်သည် ၂၇၄၀၊ ပြည်ပဧည့်သည် ၃၂၇ ဦးတို့နဲ့ တွေ့ဆုံမှုပေါင်း ၁၂၅ ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လွှတ်တော် ပြင်ပ တွေ့ဆံုံမှု အနေနဲ့ ပြည်တွင်းဧည့်သည် ၁၈၀၇၁ ဦး၊ ပြည်ပဧည့်သည် ၁၈၂၈ ဦးတို့နဲ့ တွေ့ဆုံမှုပေါင်း ၂၀၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဦးဝင်းမြင့်က ယနေ့ လွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လေ့လာရေး ခရီးအနေနဲ့ အကြိမ် ၂၀ ရှိခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ၅၄ ဦးက ပြည်ပဧည့်သည် ၉၁၆ ဦးကို တွေ့ဆုံဆွေးနွေးခြင်းတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ လွှတ်တော်က ထုတ်ပြန်ပါတယ်။
ဦးဝင်းမြင့်က“ပြည်ထောင်စုရဲ့ ထောက်ပံ့ငွေ သိန်းတထောင်နဲ့ မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပြီးစီးအောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြပါ”လို့ မှာကြားခဲ့ပါတယ်။