နေ့စဉ်ထုတ် မန္တလေးအလင်းသတင်းစာ ထုတ်ဝေမှုရပ်နားခဲ့ချိန်မှစတင်ပြီး သတင်းစာအယ်ဒီတာအဖွဲ့အပါအဝင် ရုံးဝန်ထမ်း ၂၃ ဦးအား စာမူခနှင့် နစ်နစ်ကြေးပေးချေရန် ပျက်ကွက်နေမှုအား အမြန်ဆုံးဖြေရှင်းပေးရန် မန္တလေးအလင်းသတင်းစာ ထုတ်ဝေသူအား တောင်းဆိုလိုက်သည်။
မန္တလေးအလင်းသတင်းစာ တာဝန်ခံအယ်ဒီတာ ကိုသန့်ဇင်ဦးက “ CEO ဦးဇော်မင်းအေးက သတင်းစာမရပ်ခင် အားလုံးဖြေရှင်းပေးမယ် ပြောခဲ့ပြီး အခုထိ ဘာမှမဖြေရှင်းပေးဘူး။ ဒီကြားထဲ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့်လည်း မရခဲ့ဘူး။ အခုလို ရှင်လင်းပွဲလုပ်မယ်ဆိုမှ ပွဲကိုဖျက်ပစ်ဖို့ သူ့ရှေ့နေက ဆက်သွယ်တယ်” ဟု ပြောသည်။
မန္တလေးအလင်းသတင်းစာ ထုတ်ဝေသူက စာမူခနှင့် နစ်နစ်ကြေးပေးချေရန် ပျက်ကွက်နေမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်နှင့် မန္တလေးမြို့၌ ယနေ့တွင် (အောက်တိုဘာ ရ ရက်) ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မန္တလေးအလင်းသတင်းစာ ထုတ်ဝေသည့် The Messenger Media ပိုင်ရှင်နှင့် ထုတ်ဝေသူသည် ဦးဇော်မင်းအေးဖြစ်ပြီး၊ ၎င်းသည် ယခင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဟောင်း ဦးတင်အေး၏ သားဖြစ်ကြောင်း သိရသည်။
သတင်းစာအယ်ဒီတာ အဖွဲ့အပါအဝင် ရုံးဝန်ထမ်း ၂၃ ဦး၏ နစ်နာကြေးနှင့် စာမူခ စုစုပေါင်းမှာ ကျပ်သိန်း ၂၃၀ ကျော်ရှိကြောင်းနှင့် နစ်နာကြေးနှင့် ပတ်သက်ပြီး မန္တလေးမြို့၌ ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရသည့် မန္တလေးအလင်းသတင်းစာ သတင်းထောက်ချုပ် ကိုမျိုးမြင့်စံ (ခ) မြူငှက် တဦးအတွက်သာ ပေးခဲ့ကြောင်း ကိုသန့်ဇင်ဦးက ရှင်းပြသည်။
မန္တလေးအလင်း အယ်ဒီတာဖြစ်သူ ကိုဇော်နောင်လင်းက “ တာဝန်ရှိသူတွေက ညှိနှိုင်းဖြေရှင်းပေးတဲ့အထိ သူတို့ဘက်က ပျက်ကွက်လာရင် တရားဥပဒေအတိုင်း လုပ်သွားမှာ”ဟု ပြောသည်။
စာမူခများနှင့် နစ်နာကြေးများ ပေးချေရန် ပျက်ကွက်မှုအပေါ် မန္တလေးအလင်းသတင်းစာ အယ်ဒီတာအဖွဲ့က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် လူ့အခွင့်အရေးကော်မရှင်တို့ထံ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးရန် စာပေးပို့တောင်းဆိုထားကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသို့သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှုနှင့် ပတ်သက်ပြီး မန္တလေးအလင်း သတင်းစာ အုပ်ချုပ်ရေးတာဝန်ခံ ဦးသိန်းဝင်းက “ ဒီကိစ္စတွေကို ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ ရန်ကုန်ရုံးက ကျနော်ကို ဘာမှအကြောင်းကြားတာ မရှိသေးပါဘူး” ဟု ပြောသည်။
The Messenger Media က ထုတ်ဝေသည့် မန္တလေးအလင်းသတင်းစာကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် ရပ်နားခဲ့ခြင်းဖြစ်သည်။ မန္တလေးအလင်းသတင်းစာ ထုတ်ဝေချိန်က ပျှမ်းမျှအားဖြင့် နေ့စဉ်စောင်ရေ ၁ သောင်းနီးပါးခန့် ရိုက်နှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။