သတင်း

NLD အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု စာရင်း မထုတ်ပြန်တော့ဟုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးဆောင် ဖွဲ့စည်းထားသည့် အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု စာရင်းများကို ရာဇဝတ်မှု ဖိတ်ခေါ်သလို ဖြစ်မည်စိုး၍ ထုတ်ပြန် ပြောဆိုရန် အစီအစဉ် မရှိသေးကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယမန်နေ့ လွှတ်တော်ဝင်း အတွင်းရှိ ဇမ္ဗူသီရိဆောင်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောသည်။

“အများပြည်သူကို ထုတ်ပြန်လိုက်ရင် ဘာဖြစ်မလဲဆိုတော့ အခုကာလ၊ ဒေသကို ကြည့်လေ။ အဲဒီ ကိုယ်စားလှယ်တွေအတွက် ရာဇဝတ်မှုကို ဖိတ်ခေါ်သလို ဖြစ်မှာပေါ့။ အိမ်ဖောက်ခံရတာတို့၊ လုယက်ခံရမှာတို့၊ ဓားပြတိုက်ခံရတာတို့ ဖြစ်သွားမှာပေါ့” ဟု ဦးဝင်းမြင့်က ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကပင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များ အားလုံး၏ ပိုင်ဆိုင်မှု စာရင်းများကို NLD ပါတီက ရယူထားပြီး ပါတီ ဥက္ကဋ္ဌထံတွင် ချိတ်ပိတ် သိမ်းဆည်းထားကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေတွင်လည်း ပိုင်ဆိုင်မှုများကို ထုတ်ပြန်ကြေညာရမည်ဟု မပါရှိဘဲ သိမ်းဆည်းထားရမည်ဟုသာ ပါရှိကြောင်း ဦးဝင်းမြင့်က ပြောသည်။

သို့သော် တိုင်ကြားခံရခြင်း၊ မသင်္ကာဖွယ်ရာ ကိစ္စများ ကြုံခြင်းနှင့် အဂတိလိုက်စားမှုနှင့် ပတ်သက်မှု ရှိလာပါက သိမ်းဆည်းထားသည့် အိတ်များကို ဖွင့်ဖောက်စစ်ဆေးမည် ဖြစ်၍ ဥပဒေနှင့်ညီအောင် ဆောင်ရွက်ထားသည်ဟု ဦးဝင်းမြင့်က ပြောသည်။

သတင်းစာဆရာ ဦးသီဟစောက “ကျနော်တို့ နိုင်ငံမှာ အဲဒီလိုတွေ ချပြတာက သိပ်မရှိဘူး။ အားနည်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒီမိုကရေစီ နိုင်ငံများတွင် နိုင်ငံရေးသမားများ၊ အစိုးရအဖွဲ့ဝင်များသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အများပြည်သူသို့ ပွင့်လင်းမြင်သာမှု ရှိစွာ ချပြရကြောင်း၊ ယခု အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရန့် ၁၈ နှစ်အတွင်း အခွန် ပြဿနာ မေးခွန်းထုတ်ခံနေရသည်မှာ အမေရိကန် ပြည်ထောင်စု၏ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်သော အစဉ်အလာကောင်းတခု ဖြစ်ကြောင်း ဦးသီဟစောက ဆိုသည်။

ယခင် ဦးသိန်းစိန် အစိုးရအဖွဲ့မှ လျှပ်စစ်စွမ်းအားဝန်ကြီးဟောင်း ဦးခင်မောင်စိုးက “ကျနော်တို့တုန်းကတော့ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိလဲဆိုတာကို သမ္မတရုံးက ပေးတဲ့ ပုံစံတခု ဖြည့်ရတယ်။ အဲဒီမှာ အကုန်ချ ရေးပေးရတယ်။ ပြီးရင် သမ္မတဆီကို အိတ်ပိတ်ပြီး ပို့ပေးရတယ်။ အဲဒါတွေ အကုန်လုံးကို သမ္မတရုံးက သိမ်းထားတယ်။ ကျနော်ကတော့ အဲလိုပဲ သိထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

NLD ပါတီ အတိုက်အခံအဖြစ် လွှတ်တော်တွင် ရပ်တည်ခဲ့စဉ်က ယခု လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးအနေဖြင့် ဦးသိန်းစိန် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို ထုတ်ပြန်ပေးရန် ၂၀၁၂ ခုနှစ်က လွှတ်တော်တွင် အဆိုတခုအဖြစ် တင်သွင်း၍ တောင်းဆိုခဲ့ဖူးသည်။

ထိုစဉ်က အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကြီးစိုးသော လွှတ်တော်က ပယ်ချခဲ့သဖြင့် ဦးဝင်းမြင့်၏ အဆို ရှုံးနိမ့် ခဲ့ရသည်။

ယမန်နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြည်တွင်း သတင်းထောက်တဦးက “အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှု စာရင်းကို ထုတ်ပြန် ကြေညာဖို့ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းတုန်းက တောင်းဆိုခဲ့တာ ရှိတယ်။ အဲဒီတုန်းက ဥပဒေအချို့ ပြင်ရမယ်ဆိုပြီး ရွေ့ခဲ့တယ်။ အခု ဥပဒေပြုမဏ္ဍိုင်ကလည်း လက်ထဲ ရောက်နေပြီဆိုတော့ ပြင်ဖို့ စီစဉ်နေပြီလား” ဟု မေးခွန်းထုတ်ခဲ့သည်။

ထိုမေးခွန်းကို မေးသည့်အတွက် ကျေးဇူးတင်ကြောင်း ဦးဝင်းမြင့်က ပြန်လည် ပြောကြားခဲ့သော်လည်း အစီအစဉ် မရှိဟု ပြန်လည် ဖြေကြားခဲ့သည်။

“အဲဒီဟာက အခုဒီမှာ ထပ်ပြီးတော့ တောင်းဖို့တောင် မလိုတော့ဘူး။ ကျနော်တို့ Candidate တွေ ခေါ်ကတည်းကိုက မှတ်မိမလား မသိဘူး၊ ကိုယ်စားလှယ်လောင်းတွေ ခေါ်ကတည်းကိုက စာရင်းတွေ အကုန်တောင်းပြီးသား” ဟု ဦးဝင်းမြင့်က ပြန်လည် ဖြေကြားခဲ့သည်။

Loading