သတင်း

မဟာသန္တိသုခကျောင်းကို ပီနန်ဆရာတော်အား ပြန်မပေးနိုင်ဟု သာသာနာရေး ရှင်းလင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီးကို နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့(မဟန) က ပိုင်ဆိုင်သဖြင့် မလေးရှားနိုင်ငံ၊ ပီနန်ဘုန်းကြီးကျောင်းမှ ပီနန်ဆရာတော် ဦးပညာဝံသအား ပြန်ပေးမည်မဟုတ်ကြောင်း ယဉ်ကျေးမှုနှင့် သာသာနာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက မနေ့ကနေပြည်တော်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကျောင်းတော်ကြီးသည် နိုင်ငံခြားသား ဖြစ်နေသည့် ပီနန်ဆရာတော်နှင့် လုံးဝမသက်ဆိုင်တော့ဘဲ သံဃာ ၅ သိန်း ၆ သောင်းကို ကိုယ် စားပြုသည့် သာသနာပိုင်ပစ္စည်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက မဟနအဖွဲ့အား ရေစက်ချလှူဒါန်းထားသဖြင့် ကျောင်းတော်နှင့် ပတ် သက်သည့် စီမံခန့်ခွဲပိုင်ခွင့်အားလုံးသည် မဟနအဖွဲ့တွင်သာရှိကြောင်း ယဉ်ကျေးမှုနှင့် သာသာနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ဆိုသည်။

ဦးမြင့်ဦးက“ဒီကျောင်းတော်ကြီးကို နိုင်ငံတော် အစိုးရက မဟနအဖွဲ့ကိုလှူဒါန်းထားတာ ဖြစ်တယ်။ အဲဒီလို လှူဒါန်းထားတာဖြစ်တဲ့ အတွက် မဟနအဖွဲ့ကသာ စီမံပိုင်ခွင့်ရှိပါတယ်။ ဒီလိုလှူဒါန်းထားတယ်ဆိုတာကို နိုင်ငံပိုင်သတင်းစာတွေမှာလည်း ဖော်ပြခဲ့ပြီး ဖြစ်ပါ တယ်”ဟု မီဒီယာများသို့ ပြောသည်။

လက်ရှိ အချိန်တွင် ကျောင်းတော်ကြီးကို မဟနအဖွဲ့၏ အမိန့်ဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ချိတ်ပိတ်ထားကြောင်း၊ အခြေအနေ အရပ်ရပ်ကိုလည်း နိုင်ငံတော် သမ္မတရုံံးထံ တင်ပြထားပြီး ဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် သာသာနာရေး ဝန်ကြီးဌာနက ပြောသည်။

ပီနန်ဆရာတော်၏ တပည့်တဦးဖြစ်သူ လန်ဒန်ဆရာတော် ဦးဥတ္တရက ဝန်ကြီးဌာန၏ တဖက်သတ်ရှင်းလင်းပွဲကို လက်မခံနိုင်သဖြင့် တန်ပြန်သတင်းစာရှင်းလင်းပွဲတခု ယနေ့ရန်ကုန်မြို့၌ ် ပြန်လည်ကျင်းပရန် စီစဉ်နေကြောင်း၊ ကျောင်းပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အစိုးရ အနေဖြင့် စုံစမ်းရေးကော်မရှင်တခု ဖွဲ့စည်းသင့်ကြောင်း ဧရာဝတီသို့ မိန့်သည်။

“ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ရှင်းရင် အထောက်အထားဆိုတာက သူတို့ဘက်မှာရှိသလို ဒီဘက်မှာလည်း ရှိတယ်။ အဲဒါကြောင့် စုံစမ်းရေး ကော်မရှင်တခုဖွဲ့ပြီး ဘယ်သူမှားလဲ မှန်လဲဆိုတာ ဆုံးဖြတ်သင့်တယ်”ဟု ဦးဥတ္တရက မိန့်သည်။

ဆရာတော်ဦးဥတ္တရ အပါအဝင် သံဃာတော် ၅ ပါးတို့သည် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျောင်းတိုက်၌ ဆက်လက်သီတင်းသုံး နေရာ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် တာမွေမြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၅(က)၊ သံဃာ့ အဖွဲ့အစည်း ဆိုင်ရာ ပုဒ်မ ၁၄ တို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

နောက်ပိုင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၅ ပါးတို့အနေဖြင့် နိုင်ငံတော်သံဃ မဟာ နာယကအဖွဲ့ကို တရားဝင်ပြန်လည် တောင်းပန်ပါက အမှုရုပ်သိမ်းသည်အထိ ကျေအေးပေးမည်ဟု ညှိနှိုင်းလာသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့တွင် ၂ ဖက်တွေ့ဆုံရန် ချိန်းဆိုခဲ့သော်လည်း ပွဲပျက်သွားခဲ့ရသည်။

“၂ ဖက်ညှိပြီးမှ မူလသဘောတူညီချက်ကို ချိုးဖောက်ပြီး မတောင်းပန်မီမှာ အမှုကိုအရင် ရုပ်သိမ်းခိုင်းတယ်။ ပြီးရင် ၂ ဖက်တွေ့ဆုံပြီး သတင်းမီဒီယာတွေရဲ့ ရှေ့မှာ ရှင်းမယ်လို့ ပြောတော့ ပွဲမဖြစ်တော့ပါဘူး”ဟု ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန ဒုညွှန်ချုပ် ဦးဇာနည်ဝင်းက ပြောသည်။

လန်ဒန်ဆရာတော်ကမူ သာသနာရေးမှ ပုဂ္ဂိုလ်များကို ၄င်းအနေဖြင့် ယုံကြည်မှု မရှိကြောင်း၊ တောင်းပန်ပြီးမှ မှားလို့ တောင်းပန်သည်ဟု ဆိုကာ ထောင်ထဲသို့ တန်းပို့မည်ကို စိုးရိမ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“မယုံလို့ အမှုကို အရင်ရုပ်ပေးပါလို့ ပြောတာ။ သွားတောင်းပန်ရင် မှားလို့ တောင်းပန်တယ်ဖြစ်မယ်။ ကျုပ်တို့က ဘာအမှားမှလည်း မလုပ်ထားဘူး။ တောင်းပန်လိုက်တာနဲ့ တရားရုံးတင်ပြီး ထောင်ထဲပို့မှာ။ ဒါကြောင့် အဲဒီလိုဆုံးဖြတ်လိုက်ရတာ”ဟု လန်ဒန် ဆရာတော် က မိန့်သည်။

သာသနာရေးဘက်ကမူ နှစ်ဖက်ပြေလည်အကျိုးရှိရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သဖြင့် မဟနအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဟု ယခုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကျောင်းတော်ကြီး၏ ပိုင်ဆိုင်မှု မြေဂရမ်နှင့် ပတ်သက်၍လည်း ပီနန်ဆရာတော်ကြီးက ၄င်းတွင် မြေဂရန် အထောက်အထား မူရင်း ရှိကြောင်း ကြေညာခဲ့သကဲ့သို့ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနကလည်း မြေဂရန်မူရင်းမှာ ၄င်းတို့လက်တွင်ရှိသည်ဟု ကြေညာခဲ့သည်။

ဧရာဝတီ၏ စုံစမ်းမှုအရ ပီနန်ဆရာတော်လက်ထဲတွင် ရှိသည့် မြေဂရန်မှာ ကျောင်းတော်ကြီး စတည်ထောင်စဉ် ၁၉၉၅ ခုနှစ်က မြေ ၂ ဧကပေါ်တွင် ပိုင်ဆိုင်ကြောင်း မြေဂရန်ဖြစ်ပြီး သာသနာရေးဝန်ကြီးဌာန၏ ပိုင်ဆိုင်မှုမှာ ၂၀၀၀ ခုနှစ်က မြေ ၂.၂၆၇ ဧက ပေါ်တွင် ပိုင်ဆိုင်ကြောင်း မြေဂရန် ဖြစ်နေသည်ကို တွေ့ရသည်။

“ကျောင်းတော်ကြီးရဲ့ မြေဂရန် မူရင်းက သာသနာရေး ဝန်ကြီးဌာနမှာ ရှိပါတယ်။ ပီနန်ဆရာတော်မှာ ရှိတယ်လို့ ပြောနေတာကို မီဒီယာ တွေ အနေနဲ့ ချင့်ချိန်ပြီးယုံကြပါ”ဟု ဒုညွှန်ချုပ် ဦးဇာနည်ဝင်းက ပြောသည်။

သာသနာရေးဝန်ကြီးဌာန အကြံပေး ဦးရဲမြင့်ကလည်း ယခုအချိန်တွင် ပီနန်ဆရာတော်ကြီးသည် နိုင်ငံခြားသား ဖြစ်နေသောကြောင့်  နိုင်ငံခြားသားများအတွက် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ကန့်သတ်သည့် ဥပဒေရှိကြောင်း၊ နိုင်ငံခြားသားတဦးဦးကို ပေးခြင်း၊ ကမ်းခြင်း၊ လွှဲပြောင်းခြင်း၊ လှူဒါန်းခြင်း လုံးဝမပြုရဟု ဖော်ပြထားကြောင်း ပြောသည်။

“သူ့(ပီနန်ဆရာတော်) အနေနဲ့ ဒီကို ပြန်ကြွလာမယ်ဆိုရင်လည်း အထောက်အကူပေးမယ်လို့ပဲ ပြောခဲ့တာ။ ဒီကျောင်းတိုက်ကြီး ပေးမယ် လို့ မပြောခဲ့ဘူး။ ဒီပစ္စည်းကို ပေးမယ်လို့လည်း လုံးဝ မပြောခဲဲ့ပါဘူး”ဟု ဦးရဲမြင့်က မီဒီယာများသို့ ပြောသည်။

Loading