အာရှတိုက်တွင် မူးယစ်ဆေးဝါး အကြီးအကျယ် ဖြန့်ချိနေသော မူးယစ်အင်ပါယာတခု လုပ်ကိုင်နေသည်ဟု အမေရိကန် ပြည်ထောင်စု၏ အစွပ်စွဲခံနေရသော မြန်မာပြည်၏ အင်အားအကြီးဆုံး လူမျိုးစု လက်နက်ကိုင် အဖွဲ့တခုက အမေရိကန်နိုင်ငံသည် နိုင်ငံရေး အကြောင်းများကြောင့် ၎င်းတို့၏ ခေါင်းဆောင်များကို အမည်ပျက်စာရင်း သွင်းထားသည်ဟု ပြောပြီး ထိုစွပ်စွဲချက်ကို ပယ်ချလိုက်သည်။
‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) သည် တပ်ဖွဲ့ဝင် ၃ သောင်းခန့် ရှိသည်ဟု ပြောကြားထားပြီး ၎င်းတို့သည် မြန်မာနိုင်ငံ အရှေ့ဘက် နယ်စပ်တလျှောက် ဝေးကွာသည့် တောင်တန်းများပေါ်တွင် တရုတ်လွှမ်းမိုးသည့် လျှို့ဝှက်သော ပြည်နယ်ငယ်ကို ထိန်းချုပ်ထားသည်။
ဆယ်စုနှစ်များစွာ အထီးကျန် နေထိုင်ခဲ့ပြီးနောက် ၎င်းတို့ဘာသာ သတ်မှတ်ထားသော ‘ဝ’ ပြည်နယ်၏ ခေါင်းဆောင်များ သည် နိုင်ငံခြား သတင်းထောက် အနည်းငယ်ကို ၎င်းတို့ပိုင်နက်သို့ ဖိတ်ခေါ်ခဲ့သည်။ ဤသို့လုပ်ဆောင်ခြင်းမှာ လွန်ခဲ့သော နှစ်က သမိုင်းဝင် အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ မဟာအောင်ပွဲကြောင့် ဖြစ်ပေါ်လာပြီးနောက် ပြင်ပကမ္ဘာသို့ စမ်းသပ်တံခါးဖွင့်လှစ်ရန် ပထမ ခြေလှမ်း ဖြစ်သည်။
‘ဝ’နှင့် အခြားသော လူမျိုးစု လက်နက်ကိုင် အုပ်စုများနှင့် သဘောတူညီချက် ရရှိရေးမှာ ဆယ်စုနှစ် များစွာအတွင်း ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရသည့် မြန်မာအစိုးရအတွက် ကြီးမားသော စိန်ခေါ်မှုများအနက် တခုဖြစ်သည်။ ထိုအစိုးရမှာ ဥပဒေကင်းမဲ့သော နယ်စပ်ဒေသများတွင် လူမျိုးစုစစ်ပွဲများနှင့် မူးယစ်ဆေး ထုတ်လုပ်မှု ချိတ်ဆက်နေသော ပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းနေရသည်။
“အရပ်သားအစိုးရ အာဏာရလာပြီးနောက် ကျနော်တို့ နေပြည်တော်ကို မကြာခဏ သွားတယ်။ ကျနော်တို့ရဲ့ အောင်မြင်မှု တွေကို ချပြဖို့ ကြိုးစားတယ်” ဟု ‘ဝ’ဒေသ နိုင်ငံခြားရေး ဝန်ကြီး Zhao Guo An က ဒေသမြို့တော် ပန်ဆန်း၌ ပြုလုပ်သည့် ရှားရှားပါးပါး တွေ့ဆုံမေးမြန်းမှု တခုတွင် ပြောသည်။
“‘ဝ’ပြည်က ပြည်ပရင်းနှီးမြှုပ်နှံမှု လိုတယ်။ အကြီးအကဲတွေ အရင်ချမ်းသာမယ်၊ ပြီးရင် ပြည်နယ်ဖွံ့ဖြိုးနိုင်မယ်” ဟု ၎င်းက ဆက်ပြောသည်။
လတ်တလောတွင် ပြည်နယ်အတွင်းမှ ပြည်နယ်ငယ်လေး ဖြစ်သော ‘ဝ’ပြည်နယ်ကို ကျောထောက်နောက်ခံ ပြုပေးနေသော ငွေ အများအပြားမှာ စိတ်ကြွဆေး သို့မဟုတ် ရာဘဟု ခေါ်ကြသည့် မက်သာဖက်တမင်း ရောင်းချရာမှ လာသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြသည်။
ကျွမ်းကျင်သူများ၏ အဆိုအရ ‘ဝ’ပိုင်နက် အပါအဝင် ဖြစ်သော ရွှေတြိဂံဒေသမှ ထွက်သည့် ရာဘ စိတ်ကြွဆေးပြား သုံးစွဲမှု လွန်စွာ မြင့်မားလာခြင်းသည် အရှေ့တောင်အာရှဒေသတွင် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ၏ သွေးထွက်သံယို များသော မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲကဲ့သို့သော တင်းမာသော မူဝါဒများကို ဖြစ်ပေါ်လာစေသည်။
အမေရိကန် ပြည်ထောင်စုသည် ၂၀၀၅ ခုနှစ်က UWSA ခေါင်းဆောင် အများအပြားကို ဘိန်းဖြူနှင့် မက်သာဖက်တမင်း မှောင်ခိုမှုများဖြင့် တရားစွဲထားသည်။ “သူတို့က ဒီဆုံးဖြတ်ချက်တွေကို သူတို့ရဲ့ နိုင်ငံရေး အကျိုးစီးပွားကို အခြေခံပြီး ချမှတ်ထားတာပါ” ဟု ‘ဝ’ဒေသ နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။
“ရာဘ ပြဿနာကို ဒေသတခုတည်းက ဖြေရှင်းလို့ မရဘူး။ မူးယစ်ဆေး အများအပြားက ပြည်ပက လာကြတာ။ လူတွေက ‘ဝ’ပြည်ကို ဆက်ပြီး နာမည်ဖျက်နေကြတယ်။ ဒါမတရားဘူး” ဟုလည်း ၎င်းက ဆိုသည်။
ဘိန်းနှင့် ရာဘာ
အနောက်နိုင်ငံသားများ အနေဖြင့် မြောက်ကိုရီးယား ထက်ပင် ရောက်ရှိရန် ခက်ခဲသော အရေ့တောင်အာရှ၏ ချောင်အကျဆုံး နေရာဖြစ်ဖွယ်ရှိသည့် ကြမ်းတမ်းသော ‘ဝ’ဒေသသို့ ရိုက်တာ သတင်းဌာနမှ သတင်းသမားများ သွားရောက်ခဲ့သည်။
ထိုဒေသသည် မြန်မာနိုင်ငံ၏ ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသ ဖြစ်ခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ် နိုင်ငံတကာ ဖိအား ကြောင့် ဘိန်းခင်းများကို ရာဘာစိုက်ခင်း အများစု၊ ကော်ဖီနှင့် လက်ဖက်စိုက်ခင်းများဖြင့် အစားထိုးခဲ့သည် ဟု ‘ဝ’ခေါင်းဆောင်များက ပြောသည်။
စိုက်ခင်းအများစုကို ‘ဝ’ပြည်ခေါင်းဆောင်ပိုင်းနှင့် ဆက်စပ်သော စီးပွားရေးသမားများနှင့် အတူ တရုတ်နှင့် ထိုင်ဝမ်မှ ရင်းနှီးမြှုပ်နှံသူများက ကျောထောက်နောက်ခံ ပေးထားသည်။
ရာဘာပင်များကို မြစိမ်းရောင်တောင်များ အပေါ် ဖြတ်ဖောက်ထားသည့် ကီလိုမီတာ ရာချီ ရှည်လျားသည့် လမ်းသစ်ကြီးများ ဘေးတွင် အစီအရီတွေ့ရသည်။
ထိုဒေသသည် ရာဘာဧက ၂၂၀၀၀၀ ကျော်စိုက်ပျိုးပြီး တရုတ်ဝယ်လိုအား ကျဆင်းသဖြင့် ရာဘာဈေးကျပြီး ဝင်ငွေ ထိခိုက်နေသည်။
ဘိန်းပပျောက်ရေး လှုပ်ရှားမှု၏ အစိတ်အပိုင်း တရပ်အနေဖြင့် ၎င်းတို့သည် ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ဒေသတွင်း လူဦးရေ၏ ၆ ပုံတပုံ ရှိသော နိုင်ငံသား တသိန်းကျော်ကို ပိုမို မြေသြဇာကောင်းသည်ဟု ဆိုသော ပြည်နယ်၏ တောင်ပိုင်း ထိုင်းနယ်စပ်သို့ နေရာရွှေ့ပြောင်းပေးခဲ့သည်။
ထိုသို့ ရွှေ့ပြောင်းရာ လမ်းတလျောက်တွင် ရောဂါများနှင့် မတော်တဆမှုများကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ကြမ္မာငင်သော ရွှေ့ပြောင်း နေရာချမှုဟု ‘ဝ’အဖွဲ့ အရာရှိများက ပြောကြသည်။
အခြေခံ အစိုးရဝန်ဆောင်မှု ကင်းမဲ့ခြင်း ကာလကြာရှည် ခံစားနေရသော ‘ဝ’ဒေသတွင် မူးယစ်ဆေး သုံးစွဲမှုသည် ပြဿနာတရပ် ဖြစ်သည်ဟု ဒေသခံများက ရိုက်တာသတင်းဌာနသို့ ပြောသည်။
“ရဲတွေက မူးယစ်ဆေးသုံးစွဲသူတွေကို ၆ လ တကြိမ် လမ်းမပေါ်မှာ ထွက်ရှာကြတယ်။ အဲဒါကို အထူးစီမံချက်လို့ ခေါ်ကြတယ်” ဟု မြန်မာနိုင်ငံ အခြားဒေသမှ လာရောက်ပြီး ဘိန်းအစားထိုး စိုက်ခင်းများတွင် လက်ဖက်ခူး အလုပ် လုပ်သော ရွှေ့ပြောင်းလုပ်သားတဦးက ပြောသည်။
“အဲဒီလို အချိန်ဆို အပြင်ထွက်ရမှာ အရမ်းကြောက်တယ်။ လူမှားပြီး အဖမ်းခံရနိုင်တယ်” ဟုလည်း ဆိုသည်။
မူးယစ်ဆေးဝါး အလွယ်တကူ ရရှိသောကြောင့် ‘ဝ’ဒေသခံမျာကလည်း ၎င်းတို့၏ ကလေးများအတွက် စိုးရိမ်ကြသည်ဟု ဆိုသည်။
“နေရာတိုင်းမှာ မူးယစ်ဆေးက အလွယ်တကူ ဝယ်လို့ ရတယ်၊ ရာဘ ဆေးပြားတွေ၊ အဲဒါအကြီးဆုံး ပြဿနာပဲ” ဟု ပန်ဆန်းတွင် စားဖိုမှူး လုပ်နေသော မြန်မာရွှေ့ပြောင်း လုပ်သားတဦးက ဆိုသည်။
‘ဝ’အစိုးရသည် မူးယစ်ဆေးပြဿနာကို ဖြေရှင်းရန် ကြိုးစားနေပြီး ယခုနှစ်တွင် မူးယစ်ဆေး ထုတ်လုပ်၊ ရောင်းချ၊ သုံးစွဲသူ တထောင်ကျော် ဖမ်းဆီးခဲ့သည်ဟု ‘ဝ’အစိုးရ တရားရေး အတွင်းဝန် Li San Lu က ပြောသည်။
မူးယစ်ဆေး ကုန်ချောနှင့် ကုန်ကြမ်းများ အပါအဝင် တရုတ်၊ အိန္ဒိယနှင့် မြန်မာမှ ဝင်လာသော မက်သာဖက်တမင်း ၂ တန်ခန့်ကို ‘ဝ’အာဏာပိုင်များက သိမ်းဆည်းမိခဲ့သည်ဟု သူက ဆိုသည်။
“ရာဘက ပြည်ပက လာတာ။ ‘ဝ’ပြည်က ဓားစာခံဖြစ်နေတယ်။ ဘိန်းစိုက်တာ၊ ရောင်းတာ၊ သုံးတာ အကုန်ပိတ်ပင်ထား တယ်။ ရာဘက တရုတ်၊ အန္ဒိယ၊ ထိုင်းနဲ့ မြန်မာက လာတာ။ ကျနော်တို့တော့ နားမလည်နိုင်တော့ဘူး” ဟု ဆက်ပြောသည်။
(Reuters သတင်းထောက်များဖြစ်သော Yimou Lee နှင့် Shwe Yee Saw Myint တို့၏ Myanmar’s strongest ethnic armed group says drug label “not fair” ကို ဘာသာပြန်ဆိုသည်)