ပြင်ဦးလွင် စစ်တက္ကသိုလ်၌ ဒုတိယနှစ် ကျောင်းသား ဗိုလ်လောင်းကို နောက်ဆုံးနှစ် ကျောင်းသား ဗိုလ်လောင်းက ပညာပေး ဆုံးမစဉ် လက်လွန်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒုတိယနှစ် ကျောင်းသားဖြစ်သူ ဗိုလ်လောင်း အောင်ညီညီဇော် (ဘုရင့်နောင်တပ်ခွဲ) ကို နောက်ဆုံးနှစ်ကျောင်းသား ဖြစ်သူ ဗိုလ်လောင်း ဇွဲမာန်အောင်က အောက်တိုဘာလ ၇ ရက်နေ့ ညနေ၌ ထိုးကြိတ် ဆုံးမစဉ် ရင်ဘတ်ထိခိုက်၍ နှလုံးရပ် သေဆုံးသွားသည်ဟု ဆေးစစ်ချက် အဖြေအရ သိရကြောင်း ဗိုလ်လောင်း အောင်ညီညီဇော်၏ အစ်ကို ဖြစ်သူ ကိုမြတ်သူဇော်က ဧရာဝတီသို့ ပြောသည်။
ကိုမြတ်သူဇော်က “ကျနော်တို့ ရောက်သွားတော့ အောင်ညီညီဇော်ကို ဆေးရုံ ရင်ခွဲရုံမှာ တွေ့ခဲ့ရတယ်၊ ခေါင်းမှာ ခွဲစိတ်ထားတဲ့ ဒဏ်ရာတွေကို တွေ့ရတယ်၊ ကျန်တဲ့နေရာတွေကိုတော့ ကျနော်တို့ ကြည့်ခွင့် မရပါဘူး၊ တာဝန်ရှိသူတွေ ပြောတာတော့ ရုတ်တရက် နှလုံးရပ်ပြီး ဆုံးသွားတာလို့ ပြောပါတယ်” ဟု ပြောသည်။
အောက်တိုဘာလ ၇ ရက်နေ့ ညနေ သင်တန်းပြီးဆုံးချိန်တွင် အခန်းသန့်ရှင်းရေး လုပ်ဆောင်ထားရန် အောင်ညီညီဇော် အား လူကြုံဖြင့် ဇွဲမာန်အောင်က မှာလိုက်ကြောင်း၊ သို့သော် အမှာစကား ပါးခံရသူက အောင်ညီညီဇော်အား ပြန်လည် ပြောဆိုခြင်း မရှိ၍ သန့်ရှင်းရေး မလုပ်ဆောင်ထားမိခြင်းကြောင့် ထိုးကြိတ် ကျောက်ကန်ခြင်းတို့ ပြုလုပ်စဉ် ရင်ဘတ်ထိသွား၍ သတိလစ်သွားပြီး၊ ထိုနေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်ဟု အောင်ညီညီဇော် ၏ ဘကြီးဖြစ်သူ ဦးကျော်ဆွေ က ပြောသည်။
ဦးကျော်ဆွေက “သူသန့်ရှင်းရေး လုပ်ခိုင်းတဲ့နေရာကို သန့်ရှင်းရေး လုပ်မထားတော့ မင်းမှာ အပြစ်ရှိလား၊ မရှိလားဆိုပြီး ဆွဲထိုးပြီးတော့ ဆုံးမတာပေါ့၊ အပြစ်ရှိတယ်ဆိုတော့ ထပ်ထိုးတယ်၊ ဝမ်းလျား မှောက်ခိုင်းတယ်၊ အဲဒီလိုထိုးရင်းနဲ့ ရင်ဘတ်ကို အငိုက်မိသွားတဲ့ သဘောဖြစ်သွားတယ်လို့ သူ့သူငယ်ချင်းတွေရဲ့ ပြန်ပြောပြချက် အရ သိရတယ်” ဟု ဆိုသည်။
သေဆုံးသူ ဗိုလ်လောင်း အောင်ညီညီဇော်ကို အောက်တိုဘာလ ၉ ရက်နေ့က ပြင်ဦးလွင်မြို့၌ပင် သင်္ဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း မိသားစုဝင်များ က ပြောသည်။
ယခုအခါ ဗိုလ်လောင်း ဇွန်မာန်အောင်ကို စစ်တက္ကသိုလ် ဝင်းထဲ၌ပင် ထိန်းသိမ်းထားပြီး၊ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု စစ်တက္ကသိုလ် တာဝန်ရှိသူများက ပြောဆိုကြောင်း၊ ဇွဲမာန်အောင်၏ မိဘများကလည်း အောင်ညီညီဇော်၏ မိဘများအား ရှိခိုးတောင်းပန်ကြောင်း အောင်ညီညီဇော်၏ မိသားစုဝင်များက ဆိုသည်။
အစ်ကိုဖြစ်သူ ကိုမြတ်သူဇော်က “ဇွဲမာန်အောင်နဲ့လည်း ခဏ တွေ့ခွင့်ရခဲ့ပါတယ်။ သူကတော့ သတိဆွဲပြီး တောင်းပန်တယ် ဆိုတာပဲ ပြောပါတယ်၊ ကျန်တာတော့ ဘာမှ မပြောပါဘူး၊ ကျနော်တို့ တွေ့တဲ့အချိန်မှာလည်း တာဝန်ရှိသူတွေက စောင့်ကြည့်နေကြတော့ လွတ်လွတ်လပ်လပ် စကားပြောခွင့် မရခဲ့ပါဘူး” ဟု ပြောသည်။
ပြင်ဦးလွင် စစ်တက္ကသိုလ်၌ စီနီယာကျသူ ကျောင်းသားများက ဂျူနီယာဖြစ်သူ ကျောင်းသားများအား အပြစ်ပေး၊ အနိုင်ကျင့် ဆုံးမသည့် ဓလေ့ရှိကြောင်း သိရပြီး၊ ယင်းသို့ ကြမ်းတမ်းစွာ အပြစ်ပေး ဆုံးမမှုများကို ပြုလုပ်ပါက အရေးယူမည်ဟု ၂၀၁၆ ခုနှစ်၊ အစောပိုင်းတွင် အမိန့်ထုတ်ထားကြောင်း သိရသည်။
ယင်းသို့ အမိန့်ထုတ်ထားသည့်တိုင် ကြမ်းတမ်းစွာ အနှိမ်ကျင့် ထိုးကြိတ်မှုများ၊ အပြစ်ပေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ ကျောင်းသား အချင်းချင်း အနိုင်ကျင့် ဆုံးမမှုမျိုးကို ထိရောက်စွာ အရေးယူစေလိုကြောင်း၊ အောင်ညီညီဇော်ကဲ့သို့ နောက်ထပ် မဖြစ်စေလိုကြောင်း သေဆုံးသူ အောင်ညီညီဇော်၏ မိသားစုဝင်များက ဧရာဝတီကို ပြောသည်။
သေဆုံးသူ ဗိုလ်လောင်း အောင်ညီညီဇော်သည် ပဲခူးတိုင်း၊ ကဝမြို့နယ်၊ အုန်းနှဲရွာမှ ဖြစ်ပြီး၊ ထိုးကြိတ် ဆုံးမသူ ဗိုလ်လောင်း ဇွဲမာန်အောင်သည် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အကြားတွင် ပြဿနာတစုံ မရှိဟု သူငယ်ချင်းများက ပြောဆိုကြောင်းလည်း အောင်ညီညီဇော်၏ မိသားစုဝင်များက ပြောသည်။
စစ်တက္ကသိုလ် ကျောင်းသား အချင်းချင်း ကြမ်းတမ်းစွာ အပြစ်ပေး၊ အနိုင်ကျင့်မှု ရုပ်သံဗီဒီယိုဖိုင် တခုသည်လည်း ၂၀၁၆ ခုနှစ်၊ နှစ်ဆန်းပိုင်း၌ လူမှုကွန်ရက် စာမျက်နှာများ၌ ပြန့်နှံ့ခဲ့သေးသည်။ ထိုဗီဒီယိုဖိုင် ထွက်ပေါ်ပြီးနောက်၊ လိုလ်လောင်း အချင်းချင်း ထိုးကြိတ်ခြင်း မပြုရ၊ အချင်းချင်း ညှင်းပန်းနှိပ်စက်ခြင်းမပြုရ၊ ည ၁၀ နာရီ နောက်ပိုင်းတွင် ကိုယ်ရေး ကိုယ်တာ ကိစ္စများအား ခိုင်းစေခြင်း၊ အပြစ်ပေးခြင်းများ မပြုလုပ်ရဟု မိန့်ထုတ်ထားကြောင်း သိရသည်။