ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကဦးဆောင်ကာ ရခိုင်အမျိုးသားညီညွတ်ရေးအတွက် နိုင်ငံရေး ပါတီသစ် တရပ်ကိုထူထောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်နေ့က ကျင့်ပခဲ့သည့် ကျောက်တော်မြို့ အစည်းအဝေးက ပါတီသစ်ထူထောင်ရေး ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ လတ်တလောတွင် ရခိုင်အမျိုးသားပါတီ(ANP)- ALD အနေဖြင့် ရပ်တည်သွားမည်ဟု ယင်းအစည်းအဝေး ပြောခွင့်ရ ဦးဇော်ဝင်းက ပြောသည်။
“ကျနော်တို့က ခွဲထွက်ခဲ့တာမဟုတ်ဘူး၊ လက်ရှိရခိုင်နိုင်ငံရေးမှာ သန့်ရှင်းတဲ့ ပါတီအဖွဲ့ အစည်း တရပ်ရှိဖို့လိုအပ်လို့ ဆောင်ရွက်တာဖြစ်တယ်”ဟု သူက ဆိုသည်။
ပါတီသစ်အနေဖြင့် ဖွဲ့စည်းထူထောင်ရန် မြို့နယ်အလိုက် ကိုယ်စားလှယ်များဖြင့် ဦးဆောင်ကော်မတီ တရပ် ကို ဖွဲ့စည်းမည်ဖြစ်ပြီး ရခိုင်ပြည်နယ်လုံခြုံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စသည့်ကိစ္စရပ်များ ပြည်ထောင်စုအစိုးရ နှင့်ပူးပေါင်းလုပ်ဆောင်သွားရန်လည်း အစည်းအဝေး တွင်ဆုံးဖြတ်ခဲ့သည်။
လက်ရှိ ANP ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဦးလှစောက“သူတို့ ပါတီအသစ် ထပ်ဖွဲ့ရင်တော့ ပြဿနာ နည်းနည်း ရှိနိုင်တယ်။ ကော်မရှင်က ဘယ်လိုဆုံးဖြတ်မလဲတော့ မသိဘူး။ အခုက ၂ ဖက် ပြန်လည်ညှိနှိုင်းဖို့ကလည်း လက်ရှိအခြေအနေအရ လုံး၀ မဖြစ်နိုင်တော့ဘူး”ဟု ဧရာဝတီသို့ ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားခဲ့သည်။
လက်ရှိ ရခိုင်အမျိးသားပါတီ ANP ကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီ RNDP တို့ပေါင်းစည်းကာ ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပါတီတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်ကာ ALD ဘက်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို ပါတီမှ ထုတ်ပယ် ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ANP ပါတီကို ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်တွင် တရားဝင်မှတ်ပုံ တင်ခွင့်ပြုခဲ့ပြီး ALD နှင့် RNDP ပါတီတို့မှာ ဥပဒေအရ ပယ်ဖျက်ပြီးလည်း ဖြစ်သည်။
ANP ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် နေရာပေါင်း ၄၇ နေရာ အနက် ၂၃ နေ ရာ အနိုင်ရထားပြီး အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့၌ ၂၂ နေရာ ရွေးချယ် ခံထားရကာ ရခိုင်ပြည်နယ်၌ အင်အားအကြီးဆုံး ရခိုင်နိုင်ငံရေးပါတီ ဖြစ်သည်။