ကချင်ပြည်နယ်အတွင်း အစိုးရ တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်တန့်ပေးရေး အစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့က ပြောဆိုပေးရန် ထိုင်းနိုင်ငံရောက် ကချင်တိုင်းရင်းသား တချို့က တောင်းဆိုလိုက်သည်။
ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အပေါ် တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို ရပ်တန့်ပေးရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ရုံးချုပ်ရှေ့တွင် ချင်းမိုင်မြို့သို့ ရောက်ရှိနေသော ကချင် တိုင်းရင်းသား ၃၀ ကျော်က ဆန္ဒပြတောင်းခဲ့ကြသည်။
ဆန္ဒပြပွဲ ဦးဆောင်သူ ကချင်တိုင်းရင်းသား ကိုအဂျုံ က “ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဆု ပိုင်ရှင်ဟုတ်တယ် မဟုတ်လား။ အဲဒီအခါကျတော့ အစိုးရရဲ့ ခေါင်းဆောင်သဘောလည်း ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ အစိုးရကနေပြီးတော့ ဒီစစ်တပ်ကို အမိန့်ပေးဖို့လိုအပ်တယ်။ ကျနော်တို့အဲဒါကို လိုလားတယ်။ အဲဒီလို အမိန့်မပေးနိုင်ဘူးဆိုရင် ကျနော်တို့ ဘာလုပ်ရမှန်း မသိတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ဆန္ဒပြသူများက ထိုးစစ်များ ရပ်တန့်ရန်၊ ကချင်ဒုက္ခသည် စခန်းများသို့ ပို့သည့် စားနပ်ရိက္ခာများကို ဟန့်တားခြင်း မပြုရန်၊ စစ်ပွဲအတွင်း အရပ်သားများ ထိခိုက်မှု မရှိရန် တောင်းဆိုခဲ့ကြသည်။
အောက်တိုဘာလ ၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးမြို့နယ်၊ ပူဝမ်ကျေးရွာတွင် လက်နက်ကြီးကျည်ကြောင့် ကချင်တိုင်းရင်းသား ကလေးငယ် ၁ ဦး သေဆုံးသွားပြီး ကျန်ကလေးငယ် ၂ ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့်အပေါ် ဆန္ဒပြသူများက အပြင်းအထန် ရှုတ်ချခဲ့သည်။
သေဆုံးသွားသည့် အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် ဒဏ်ရာ ရရှိသူများအတွက် အစိုးရက တာဝန်ယူ ဖြေရှင်း ပေးရမည်ဖြစ်ပြီး နောက်နောင်တွင် ပြည်သူများရှိသော ရပ်ရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ပျက်စီးစေခြင်းများ မပြုလုပ်ရန် အမိန့်ချမှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများက ထိုးစစ်ရပ်တန့်ရေး အပါအဝင် အချက် ၆ ချက်ပါ ၎င်းတို့၏ တောင်းဆိုချက်များကို ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန် ရုံးချုပ်သို့ ပေးပို့သော်လည်း လက်ခံရယူခြင်း မရှိသဖြင့် ကောင်စစ်ဝန်ရုံး၏ စာတိုက်ပုံထဲ ထည့်ထားခဲ့ ကြသည်။
ဆန္ဒပြပွဲတွင် ဦးဆောင်သူ တဦးအဖြစ်ပါဝင်ခဲ့သူ ကိုနော်ခမ်း “ကျနော်တို့ရဲ့ ထုတ်ပြန်ချက်တွေကို ပေးချင်တယ်။ ဒါပေမယ့် သူတို့ မရှိဘူးဆိုတာ ကြားရတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ အားမငယ်ဘူး။ ကျနော်တို့ ကချင်ပြည်နယ်မှာ ဒီကနေ့တောင်မှ အစိုးရတပ်ကနေ အကြီးအကျယ် ထိုးစစ်ဆင်တဲ့ဟာတွေ လုပ်နေတယ်။ အဲဒါကြောင့် အဲဒီထိုးစစ်တွေ အားလုံးရပ်ပေးဖို့ ကျနော်တို့ ငြိမ်းချမ်းစွာ ဒီမှာ လာပြီး ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
အစိုးရက ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ပထမအစည်းအဝေး အပြီးတွင် ကချင်ပြည်နယ်အတွင်း KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မကြာခင်ရက်ပိုင်းက KIA တပ်များ လှုပ်ရှားရာနေရာ တချို့တွင် တပ်မတော်က လေကြောင်း အသုံးပြုခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ကချင်လူထု တွေ့ကြုံခံစားနေရသည့် အခြေအနေကို ကိုယ်ချင်း စာသဖြင့် ထိုးစစ်ရပ်တန့်ရေးအတွက် ညီနောင်တိုင်းရင်းသားများနှင့် အတူ လာရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်ဟု ကချင် အမျိုးသမီး တဦးဖြစ်သူ ဒေါ်ခါးဒွမ်က ပြောသည်။
ဒေါ်ခါးဒွမ်က “ကျမတို့ ကချင်တွေလည်း မြန်မာတိုင်းရင်းသား ဖြစ်ပါတယ်။ ဒါပေမယ့် အခု ထိုးစစ်ဆင်နေတဲ့ဟာက နိုင်ငံခြား ကမ္ဘာ့စစ်လိုမျိုး ဖြစ်နေပြီ” ဟု ဆိုသည်။