သတင်း

ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးနှင့် ပတ်သက်ပြီး ပြည်သူကို အလေးထားရန် တောင်းဆို

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ချိန်တွင် ရင်းနှီးမြှုပ်နှံသူများဘက်သို့ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘော တူ စာချုပ် ချုပ်ဆိုသည့်အခါ အစိုးရအနေဖြင့် ပညာရှင်များနှင့် ပြည်သူ့ဆန္ဒ သဘောထားကို အလေးထား လုပ်ဆောင်ရန် ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီမှု စာချုပ် စောင့်ကြည့်ရေး အလုပ်အဖွဲ့ က တောင်းဆို လိုက်သည်။

“မြန်မာနိုင်ငံလို နေရာမျိုးမှာ ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေက ဒီအကြောင်းကို ဘာမှမသိရသေးဘူး။ ဘယ်လို ကာကွယ်ရမယ်၊ ဥပဒေမှာ ဘာတွေထည့်ရမယ် ဆိုတာလဲ မသိသေးတဲ့အချိန်၊ ရင်းနှီးမြှုပ်နှံမှုတွေ အလောတကြီးနဲ့ ဝင်လာတဲ့အခါမှာ မဆုံးရှုံးသင့်ဘဲနဲ့ ဆုံးရူံးမှာစိုးလို့ ပြည်သူတွေကို ချပြတာ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှု အကာအကွယ် ပေးရေး သဘောတူညီမှု စာချုပ် စောင့်ကြည့်ရေး အလုပ်အဖွဲ့ဝင် ဒေါ်ဘောက်ဂျာက ပြောသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို အမေရိကန်နိုင်ငံက ပယ်ဖျက်ခဲ့ပြီး ဘဏ္ဍာရေးအရ ဒဏ်ခတ် အရေးယူရန် ပြဌာန်းထားသော ဥပဒေများကို ဖြေလျှော့ပေးလိုက်သည့် အတွက် မကြာမီ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု များ အများအပြား ဝင်ရောက် လာနိုင်သည့်အတွက် ပြည်သူများ သိရှိစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး အသိပေး ရှင်းပြ ထားရန် လိုအပ်ကြောင်းလည်း ဒေါ်ဘောက်ဂျာက ပြောဆိုသည်။

သမ္မတဟောင်း ဦးသိန်းစိန်၏ ၂၀၁၃ ခုနှစ် မတ်လ ဥရောပနိုင်ငံများ ခရီးစဉ်အတွင်း ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံကြား ခိုင်မာသည့် ရင်နှီးမြှုပ်နှံမှုများ ရှိလာစေရေး ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးနိုင်သည့် စာချုပ်ချုပ်ဆိုရန် ဖိတ်ခေါ်ခဲ့ပြီး နောက် ၂၀၁၅ ခုနှစ်အတွင်း ၃ ကြိမ် ဥရောပသမဂ္ဂ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်၍ ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု ကာကွယ်သည့် ပဋိညာဉ်စာချုပ် အတွက် ညှိနှိူင်းဆွေးနွေးခဲ့သည်ကို သိရှိရကြောင်း ၎င်းက ပြောသည်။

လက်ရှိ NLD အစိုးရသစ် လက်ထက်တွင် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် (BIT-Bilateral Investment Treaties) နှင့် ရင်းနှီးမြှုပ်နှံသူနှင့် အစိုးရကြား အငြင်းပွားမှုဖြေရှင်းခြင်း (ISDS- Investor State Dispute Settlement) ဆိုသည့် ခေါင်းစဉ်အောက်တွင် ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးသော ခိုင်မာသည့် စာချုပ်မျိုး ချုပ် ဆိုရန် ကြိုးပမ်းနေသည်ဟု ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီမှုစာချုပ် စောင့်ကြည့်ရေး အလုပ်အဖွဲ့က သတင်း ထုတ်ပြန်သည်။

ထိုသို့ရင်းနှီးမြှုပ်နံှမှု အကာအကွယ်ပေးရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုပြီးပါက မြန်မာနိုင်ငံ၌ အများပြည်သူ အကျိုး စီး ပွား အတွက် ကျန်းမာရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ပေးသည့် ဥပဒေတခုခု ရေးဆွဲပြဌာန်းချိန်တွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြား ကုမ္ပဏီများ၏ စီးပွားရေးကို ထိခိုက်မှုဖြစ်စေပါက မြန်မာအစိုးရကို ရင်းနှီးမြှုပ်နှံကြ သည့် နိုင်ငံခြား ကုမ္ပဏီများက နိုင်ငံတကာ တရားခုံရုံးတွင် တရားစွဲဆိုခွင့် ရှိသည့်အတွက် နောက်ဆုံးတွင် ပြည်သူများကို သာ ထိခိုက်နစ်နာစေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

ထိုစာချုပ်မျိုးကို ချုပ်ဆိုခဲ့ကြသည့် သြစတြေးလျ၊ ဥရုဂွေး၊ ဂျာမနီ၊ ဘရာဇီး နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၀၇ နိုင်ငံမှ အစိုးရအဖွဲ့ဝင်များသည် စာချုပ်နောက်ဆက်တွဲ အကျိုးဆက်ဖြင့် တရားစွဲဆို ခံထားရကြကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ ဘက် က ၎င်းတို့၏ အကျိုးစီးပွားပျက်စီးစေသည့် မူဝါဒများ ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းကျင့်သုံးသည်ဆိုသည့် စွဲချက်များဖြင့် အမှုပေါင်း ၆၉၆ ခု ကို နိုင်ငံတကာခုံရုံးတွင် တရားစွဲဆိုထားကြကြောင်း စောင့်ကြည့်ရေး အလုပ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နှစ်စဉ် အောက်တိုဘာလ ၁၀ ရက်မှ ၁၆ ရက်အထိ တကမ္ကာလုံးက ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးစာချုပ် ဆန့်ကျင်ရေး ဒေသ ဆိုင်ရာ လှုပ်ရှားမှုရက်များ အဖြစ် သတ်မှတ်ထားကြပြီး မြန်မာနိုင်ငံတွင်လည်း ထိုစာချုပ်ကို ဆန့်ကျင်သည့် အနေ ဖြင့် တပတ်တာ လှုပ်ရှားမှုများ အသီးသီးလုပ်ဆောင်မည်ဖြစ်ကြောင်း စောင့်ကြည့်ရေး အလုပ်အဖွဲ့၏ ဦးဆောင်သူများက ပြောဆိုသည်။

Loading