ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော် နေထိုင်သူများစာရင်း ကနဦးကောက်ယူမှုကို အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပြုလုပ်ခဲ့ပြီး ယခုအခါ ပြန်လည် သုံးသပ်မှုများ ပြုလုပ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။
ယင်းသို့ ကောက်ယူခဲ့ပြီးနောက် ကွန်ပျူတာပိုင်း ဆိုင်ရာ ပရိုဂရမ် ရေးဆွဲထားမှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှု၊ စီမံခန့်ခွဲမှု အခြေအနေ၊ လိုအပ်သည့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အချက်အလက်များကို ပြန်လည် သုံးသပ်နေပြီး ကျန်ရှိမြို့နယ်များတွင် မည်သို့ ဆက်လက် ကောက်ယူမည်ကို အသေးစိတ် အစီအမံများ ရေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ညွှန်ကြားရေးမှူး ဦးနေဝင်းအောင် ဧရာဝတီကို ပြောသည်။
ဦးနေဝင်းအောင်က “ကနဦးကောက်တဲ့ ကိစ္စရပ်ကို ကျနော်တို့က ပြန်လည် သုံးသပ်နေတယ်။ အဲဒီလိုပြန်လည် သုံးသပ်ပြီး မှ ရရှိလာတဲ့ အတွေ့ အကြုံပေါ်မှာ ပြင်ရဆင်ရမယ်။ အားနည်းချက် အားသာချက်တွေကို ပြန်သုံးသပ်ပြီးရင်တော့ ကျန်တဲ့ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ကျူးကျော်စာရင်း ကောက်ယူရေးကိစ္စကို ဘယ်လိုဆက်လုပ်မလဲ ဆိုတဲ့ အစီအမံအသေးစိတ် လေးရေးဆွဲဖို့ ဆောင်ရွက်နေတယ်”ဟုလည်း ရှင်းပြသည်။
ကနဦးစာရင်း ကောက်ယူမှု အစီရင်ခံစာ ထွက်ရှိလာရန် အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ပြီး အားလုံးပြီးသွားပါက တိုင်း ဒေသကြီး အစိုးရအဖွဲ့က တရားဝင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အတွင်းရှိ ကျူးကျော် နေထိုင်သူများစာရင်း ကောက်ယူမှုကို စက်တင်ဘာ ၂ ရက်မှ ၂၀ ရက် အထိ ၃ ပတ်ကြာ ပြုလုပ်ခဲ့ပြီးနောက် ကျူးကျော်နေထိုင်သူ အိမ်ထောင်စုပေါင်း ၅၅၉၁ စု၊ လူဦးရေ စုစုပေါင်း ၂၂၀၀၀ ကျော် ရှိကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီကလည်း ပြောပြ သည်။
ဆက်လက်၍ ၎င်းက စာရင်းကောက်ယူရာတွင် အစပိုင်း၌ နည်းပညာပိုင်းဆိုင်ရာ အားနည်းမှုများ ရှိခဲ့ကြောင်း၊ စီးပွားဖြစ် ကျူးကျော်များနှင့် အမှန်တကယ် အိမ်ရာမဲ့ မဟုတ်သူများ၏ ညတွင်းချင်း ကျူးကျော်မှုများကြောင့် စာရင်း ကောက်ယူ ရာတွင် အခက်အခဲများ ရှိခဲ့ကြောင်း၊ ယင်း အတွေ့အကြုံများပေါ် မူတည်ပြီး ပြန်လည် သုံးသပ်မှုများ ပြုလုပ်သင့်ကြောင်း လည်း ပြောဆိုသည်။
ဦးညီညီက“နောက်လာမယ့် မြို့နယ်တွေမှာ ကျူးစာရင်း ကောက်တဲ့အခါ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုတွေ လို တယ်။ နောက် စိတ်စေတနာ ကောင်းမွန်ပြီး မျှတတဲ့ မြို့မိမြို့ဖတွေရဲ့ ပူးပေါင်း ပါဝင်မှုတွေ လိုအပ်တယ်။ ရပ်ကျေး အုပ်ချုပ်ရေးတွေ ကလည်း ဒီစာရင်းတွေကို စိတ်ခံစားမှုနဲ့ ကောက်တာမျိုး မဟုတ်ဘဲ တကယ်ကို ရသင့်တဲ့သူတွေကိုပဲ ကောက်ယူစေချင်တယ်။ ဒါဆိုရင် အခွင့်အရေးသမားတွေ လျော့နည်းသွားမယ် ထင်တယ်”ဟုလည်း ပြောသည်။
စာရင်း ကောက်ယူရာတွင် အိမ်ထောင်ဦးစီးအမည်၊ မှတ်ပုံတင်၊ ဇနီး၊ သားသမီး အပါအဝင် စုစုပေါင်း မိသားစုဝင် ဦးရေ၊ နေထိုင်သည့် အချိန်ကာလကြာမြင့်မှု စသည်ဖြင့် မှတ်တမ်းတင်ထားပြီး မိသားစုဝင်လိုက် ဓာတ်ပုံရိုက်ပေးကြောင်း၊ စာရင်းသွင်းမှု အားလုံးပြီးလျှင် အိမ်ထောင်စုတစုကို Smart Card တကတ် ထုတ်ပေးကြောင်း ဦးညီညီက ရှင်းပြသည်။
စာရင်း ကောက်ယူရာတွင် ကွန်ပျူတာပညာရှင် ၁၈ ဦး၊ စာရင်း ကောက်ယူမည့်သူ ၃၀ ၊ ဝန်းရံ စာရင်း ကောက်ယူမည့်သူ ၃၀ ၊ စုစုပေါင်း ၇၈ ဦး ပါဝင်သည့်အပြင် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူများ၊ တိုင်း အစိုးရအဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းပါဝင် ကောက်ယူခဲ့ကြကြောင်း သိရသည်။