သတင်း

မွန်ပြည်သစ်ပါတီကို အပစ်ရပ်စာချုပ် မချိုးဖောက်ရန် ပြည်နယ်အစိုးရ သတိပေး

တရားဥပဒေမဲ့ လုပ်ရပ်များဖြစ်သည့် တပ််သားစုဆောင်ခြင်း၊ မွန်ပြည်သူများထံမှ အတင်းအဓမ္မ အခွန်ကောက်ခံခြင်း၊ မူးယစ်ဆေးဝါး နှိမ်းနင်းခြင်း အစရှိသည့် မွန်ပြည်သစ်ပါတီ၏ ပြုမူနေသော လုပ်ရပ်များသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် ချိုးဖောက်ရာရောက်ကြောင်း မွန်ပြည်နယ်အစိုးရက မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များကို ခေါ်ယူအသိပေးကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် တပ်မတော်က ခန့်အပ်သော နယ်စပ်ရေးရာ ဝန်ကြီးနှင့် မွန်ပြည်သစ်ပါတီမှ အကြီးတန်း အဖွဲ့ဝင်များ အောက်တိုဘာလ ၇ ရက်နေ့က မော်လမြိုင်မြို့တွင် တွေ့ဆုံခဲ့ရာ မွန်ပြည်သစ်ပါတီက ၂၀၁၂ ခုနှစ်တွင် နှစ်ဦးနှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကို လေစားရန်လိုကြောင်း အသိပေးသွားသည်ဟု မွန်ပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဝင်းလှက ပြောသည်။

“အစည်းအဝေးထဲမှာ သူတို့ပြောသွားတာက နှစ်ဦးနှစ်ဖက် သဘောတူညီထားတဲ့ဟာတွေ လေးစား စောင့်စည်းကြဖို့တော့ ပြောတယ်။ သူတို့ပြောတာက ကျနော်တို့အဖွဲ့မှာ ဥပဒေချိုးဖောက်မှုတွေ ရှိတယ်။ သဘောတူညီချက် ချိုးဖောက်မူ လုပ်ထားတယ်ပေါ့။ အဓိက သူတို့ကို ပြောသွားတာက အချက် ၄ ချက်ပေါ့လေ။ ပထမအချက်က ပြည်သူတွေဆီက အခွန်ကောက်နေတာရယ်၊ ဒုတိယ တချက်ကတော့ ဥပဒေချိုးဖောက်မှု၊ တတိယ အချက်ကျတော့ တပ်သားအသစ် စုဆောင်းမူနဲ့ စတုတ္တအချက်ကတော့ ကျနော်တို့ တပ်သားတွေ မူးယစ်ဆေးဝါး နှိမ်နင်းဖမ်းဆီးနေတာတွေပါ” ဟု နိုင်ဝင်းလှက ပြောသည်။

“အခွန်ကောက်တာနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြန်ပြောပြတယ်။ ဒါက ကျနော်တို့ မလုပ်မဖြစ် လုပ်ရတာပါ။ အခွန် ကောက်တယ် ဆိုတာက ကျနော်တို့ ပြည်သူက ထောက်ပ့ံလို့ ကျနော်တို့ ယူတာပါ။ ကျနော်တို့ ပါတီရပ်တည်ရေးအတွက် ဒီဟာပဲ မှီနေရတာပါ။ သူတို့ပေးချင်တဲ့ ဆန္ဒရှိလို့ ကျနော်တို့ ယူတာပါ။ မပေးချင်ဘူးဆိုရင် ကျနော်တို့ မယူပါဘူး။ ဥပဒေ စိုးမိုးရေး အပိုင်းကျတော့လည်း ကျနော်တို့ ထိန်းချုပ်နယ်မြေနယ်မှာ ကျနော်တို့ ပြည်သူတွေ ရှိပါတယ်။ ကိုယ့်ပြည်သူ ဖြစ်နေတဲ့ ပြဿနာကို ကျနော်တို့အနေနဲ့ ဝိုင်းကူညီပေးရမယ်။ မူးယစ်ဆေးကျတော့လည်း ကျနော်တို့ ထိန်းချုပ်နယ်မြေထဲ ပျံ့နေတော့ ပြည်သူအတွက် ဖမ်းဆီးပေးရမယ်။ ဒီလုပ်ဆောင်ချက်တွေ ကျနော်တို့ ဆက်မလုပ်တော့ဘူး။ ဒါကတော့ လာမည့်အနာဂတ် နိုင်ငံရေးရလဒ်နဲ့ အညီပေါ့။ အဲဒီအချိန်ကာလ မရောက်မချင်းတော့ အခုလုပ်ဆောင်ချက်တွေ ရပ်နားလို့တော့ မရဘူးလို့” ပြောသွားကြောင်း နိုင်ဝင်းလှက ဧရာဝတီကို ပြန်ပြောပြပါသည်။

အစည်းအဝေး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက အဖွင့်စကားပြောကြားပြီး နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက မွန်ပြည်သစ်ပါတီသည် အစိုးရကို လေးစားခြင်း မရှိကြောင်း စွပ်စွဲခဲ့ပြီး ထိုသို့ စွပ်စွဲချက်ကို မွန်ပြည်သစ်ပါတီက မတုံ့ပြန်ခဲ့ကြောင်း နိုင်ဝင်းလှက ပြောသည်။

မွန်ပြည်နယ် အစိုးရသည် ယခုနှစ် ဇန်နဝါရီလကတည်းက မွန်ပြည်သစ်ပါတီသို့ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲသောစာများ စုစုပေါင်း၂၈ စောင် ပေးပို့ခဲ့သည်။ နယ်စပ်ရေးရာ ဝန်ကြီးသည် အဆိုပါ အစည်းအဝေးတွင် ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်၌ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတခုကို ဝင်ရောက် စီးနင်းစဉ် အရပ်သားတယောက် အသတ်ခံရမှုှနှင့် မွန်ပြည်နယ် မုဒုံမြို့နယ် ကလော့သော့ရွာတွင် အမျိုးသမီး တဦးအား လက်ထပ်ရန် အတင်းအဓမ္မ ခေါ်သွားသည်ဟု စွပ်စွဲခံရသော အမျိုးသား တဦးကို ဖမ်းဆီးခဲ့ခြင်း စသည့်အမှု ၂ ခုကို အဓိက ထည့်သွင်းပြောကြားခဲ့သည်။

“ကမ်းနီရွာ ကော့ကရိတ်မြို့နယ်ဘက်မှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါး ဝင်ရောက်ဖမ်းဆီးတာ မတော်တဆ ပစ်ခတ်မှုနဲ့ အရပ်သားတယောက် သေသွားတယ်။ ဒါကို ကျနော်တို့ အဖွဲ့က ကာယကံရှင် မိသားစုကို အသုဘအလှူ လုပ်ပေးတယ်။ ပြီးတော့ လျော််ကြေးလည်း ပေးတယ်။ ပြီးတော့ ပြစ်မှှုကျူးလွန်တဲ့ တပ်သားကို ကျနော်တို့ အပြစ်ပေးတယ်။ သူတို့ တောင်းတာက အဲဒီ ပြစ်မှုကျုးလွန်တဲ့ တပ်သားကို သူတို့ လက်ထဲ အပ်ပေးဖို့ တောင်းတယ်။ ဒါက ကျနော်တို့ ပါတီမူအရ ကျနော်တို့ တပ်သားကို အခြားသူတွေကို အပ်ပေးလို့ မရဘူး” ဟု နိုင်ဝင်းလှက ပြောသည်။

သူက ဆက်လက်၍ “ကလော့သော့ရွာမှာ ဖြစ်သွားတဲ့ အမှုကိစ္စက ကျနော်တို့ဆီကို တိုက်ရိုက်လာတာတော့ မဟုတ်ဘူး။ အစိုးရဆီကို အမျိုးသမီး မိသားစုဘက်က အရင်သွားတာပဲ။ ကမာဝက် ရဲစခန်းကို မိသားစုက အမှုဖွင့်ပေးဖို့ အရင်သွားတယ်။ ပိုက်ဆံ ၅ သောင်းတောင် ရဲကို ပေးလိုက်သေးတယ်။ ဒါပေမဲ့ ရဲက အမှုမဖွင့်ပေးဘူး။ တပ်သားကို အရေးယူပေးဖို့ ကိစ္စ ကျနော်တို့ကို လာတင်ပြတာ ခံရတဲ့ မိသားစုတခုတည်းတင် မဟုတ်ဘူး။ အခြား လူငယ် အဖွဲ့အစည်းတွေနဲ့ မွန်လူမှု အဖွဲ့အစည်းတွေတောင် အပြစ််ရှိသူကို ဖမ်းပေးဖို့ လာတောင်းဆိုကြတယ်” ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီသည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတလျှောက် ဒေသများတွင် လှုပ်ရှားဆောင်ရွက်နေပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီနှင့် ပူးပေါင်းသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်လည်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါ။ မွန်ပြည်သစ်ပါတီနှင့် မြန်မာတပ်မတော် အကြား တင်းမာမှုများ မြင့်တက်လာကြောင်းလည်း မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များ၏ အဆိုအရ သိရသည်။

“ကျနော်တို့တပ်သားတွေ တော်တော် ထိန်းထားရတယ်။ အဓိက တပ်ပိုင်းဆိုင်ရာ လှုပ်ရှားမူပေါ့။ ကျနော်တို့ဘက်က ပြဿနာတခုကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းချင်တယ်။ သူတို့နဲ့ ပြဿနာ မဖြစ်ချင်ဘူး” ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

“ကျနော်အမြင်အနေနဲ့ ပြောရင် အခုဖြစ်နေတဲ့ တင်းမာမှုက ကျနော်တို့ဘက် NCA လက်မှတ်မထိုးတော့ သူတို့က ပြဿနာရှာနေတယ်” ဟု ၎င်းက ဆက်ပြောသည်။

Loading