မန္တလေးမြို့ရှိ အိမ်သုံးရေဆိုးများကို သန့်စင်ကာ ရေသန့်အဖြစ် ပြန်လည်စွန့်ပစ်နိုင်မည့် ရေဆိုးသန့်စင် စက်ရုံတည်ဆောက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းကို ၂၀၁၆ နိုဝင်ဘာနှင့် ဒီဇင်ဘာလ အတွင်း အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းပါ လုပ်ငန်းများအားလုံးကို ၂၀၂၂ ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်သည်။
”မန္တလေးမြို့ ရေဆိုးစနစ် ကောင်းမွန်စေရေး၊ မြို့ရဲ့ ရေစီးရေလာကောင်းမွန်ရေး၊ ရေစီးဆင်းမှုစနစ်ကောင်းမွန်ရေး၊ ရေဆိုး တွေကြောင့် ကျန်းမာရေး ထိခိုက်မှုမရှိစေရေးနဲ့ ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် အဓိကရည်ရွယ်ပြီး ဒီစီမံကိန်းကို လုပ်ဆောင်တာပါ။ စီမံကိန်းလုပ်ဆောင်နိုင်ဖို့ အတိုင်ပင်ခံ အင်ဂျင်နီယာတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ မြို့ခံ လူထုနဲ့ပူးပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်”ဟု စီမံကိန်းမန်နေဂျာ ဒေါ်ခင်မေဌေးက ပြောသည်။
မန္တလေးမြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ADB ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာသန်း ၆ဝ ရယူခြင်း သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၉ ရက်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းပါ ရေဆိုးသန့်စင်စက်ရုံကို အမရပူရမြို့နယ်၊ နံကပ်အင်းအတွင်းရှိ ရွှေဂဲရေထိန်းတံခါးအနီးတွင် တည် ဆောက်သွားမည်ဖြစ်သည်။ မြို့တွင်းရှိ အဓိကမြောင်းကြီးများဖြစ်သည့် ရွှေတချောင်း၊ ငွေတချောင်း၊ သင်္ဂဇာချောင်း၊ မင်္ဂလာချောင်းများအတွင်း ဝင်ရောက်နေသည့် ရေဆိုးများကို ပိုက်လိုင်းများဖြင့် သွယ်ယူ၍ ရေဆိုးသန့်စင်စက်ရုံသို့ ပို့ဆောင် သန့်စင်ပြီး ဧရာဝတီမြစ်အတွင်း ပြန်လည်စွန့်ပစ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် စိမ်းရောင်စိုအဖွဲ့မှ ကိုမောင်မောင်ဦးက “ရေဆိုးသန့်စင်စက်ရုံကို Oxidation လုပ်မှာလား၊ Bio Chemical နည်းတွေနဲ့ လုပ်မှာလားဆိုတာ သိဖို့ လိုအပ်ပါတယ်။ ဥပမာ Oxidation လုပ်တယ်ဆိုတာက ရေဆိုးပြင်းအား (B.O.D) ကို ဒလက်တွေနဲ့ လက်ရှိ လုပ်ထားတဲ့ ရေဆိုးသန့်စင် စက်ရုံတွေရှိထားတယ်။ အဲဒီစက်ရုံအနီးဝန်းကျင်က ဖြတ်သွားရင် အနံဆိုးတွေ အရမ်းထွက်တော့ ပတ်ဝန်းကျင် နေထိုင်သူတွေမှာ ကျန်းမာရေး ထိခိုက်မှုတွေရှိတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “ အဲဒီ ရေဆိုးကို သန့်စင်ဖို့လုပ်နေရင်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်ပြီး ထိခိုက်မှုရှိနေတယ်။ အဲဒီတော့ အခုလုပ်မယ့်စက်ရုံနဲ့ ပတ်သက်ပြီး နည်းစနစ်တွေ၊ လျှော့ချမယ့်စံနှုန်းတွေ၊ ပြည်သူလူထုအတွက် ထိခိုက်နစ်နာမှုတွေရှိလာမယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်လိုရှိတယ်ဆိုတာ မစခင်ကတည်းက သိနေဖို့လိုအပ်တယ်။ ရေဆိုးသန့်စင်စက်ရုံကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ဒေသခံတွေနဲ့ မြို့လူထု သေသေချာချာ ဂဃနဏ သိနေဖို့လိုအပ်တယ်။” ဟု ပြောသည်။
ထို့ပြင် စီမံကိန်း မစတင်မီ ဒေသခံများ၊ မြို့ခံ လူမှုရေး အဖွဲ့အစည်းများ ကိုလည်း အသိပေး အကြောင်းကြားခြင်း၊ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောပြခြင်းများ လုပ်ဆောင်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် အရေး လှုပ်ရှားသူများက ထောက်ပြပြောဆိုသည်။
မန္တလေးမြို့ပြ ဝန်ဆောင်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ လုပ်ငန်းခွဲ ၃ ခုဖြစ်သည့် ရေပေးဝေရေးလုပ်ငန်း အဆင့်မြှင့်တင် ခြင်း၊ ရေဆိုးထုတ်စက်ရုံတည်ဆောက်ခြင်း၊ မြို့ပြရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများအတွက် ADB ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာသန်း ၆ဝ ( ကျပ်သန်းပေါင်း ၇၅၀၀ ကျော် ) အပြင် ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ၏ ချေးငွေ၊ ပံ့ပိုးငွေ အမေရိကန် ဒေါ်လာသန်း ၆ဝ စုစုပေါင်း ဒေါ်လာ သန်း၁၂၀ ( ကျပ်သန်းပေါင်း ၁၅၀၀၀ ခန့်) အသုံးပြုသွားမည်ဖြစ်သည်။
အဆိုပါစီမံကိန်း သဘောတူညီချက် အရ ADB ဘဏ်ချေးငွေကို ၃၂ နှစ် အတွင်း အပြီးပြတ် ဆပ်ရမည်ဖြစ်ကြောင်း၊ ဆိုင်းငံ့ကာလ ၇ နှစ် သတ်မှတ်ပေးထားပြီး အတိုးနှုန်းမှာ ပထမ ၈ နှစ်အတွင်း ၁ ရာခိုင်နှုန်းနှင့် နောက်ပိုင်းကာလများအတွက် ၁ ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးမြို့၏ အဓိကရေဆိုးမြောင်းများမှ ရေဆိုးများကို ရေဆိုးသန့်စင်စက် (Surface Aerator) များ တပ်ဆင်၍ ညစ်ညမ်းနေသည့် ချောင်းရေ၏ ရေဆိုးပြင်းအား (B.O.D)ကို အောက်ဆီဂျင်ပျော်ဝင်၍ သန့်စင်စေသော နည်းလမ်းများဖြင့် လျှော့ချနိုင်ရန် လုပ်ဆောင်ပေးလျက်ရှိသော်လည်း အဆိုပါစက်များအနီးဝန်ကျင်များတွင် အနံ့ဆိုးများ ထွက်ပေါ်မှုရှိနေကြောင်း၊ ထို့ကြောင့် ယခုဖော်ဆောင်မည့် စီမံကိန်းသည် ပြည်သူများ၏ ကျန်းမာရေးအတွက် အာမခံချက်ရှိရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြသည်။