ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တချို့ ရာထူးချခံရခြင်း၊ ထုတ်ပယ်ခံရခြင်းအပေါ် စုံစမ်းစစ်ဆေးမည့် ခုံရုံးတခု ဖွဲ့စည်းရန် အောက်တိုဘာလ ၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် NLD ဗဟို အလုပ် အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
ပါတီ CEC တဦး ဖြစ်သူ ဦးဝင်းထိန်၏ စက်တင်ဘာလအတွင်းက ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ရှမ်းပြည်နယ် တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို နှုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်း၊ ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၊ ဒေါ်မီးမီးနှင့် တခြားသူတဦးတို့ကို ရာထူးမှ ချထားခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် ကာယကံရှင်များက NLD ပါတီသို့ အယူခံလွှာ တင်သွင်းခဲ့ရာ အထက်ပါအတိုင်း ပြန်လည် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဦးဝင်းထိန်က “အယူခံတင်တော့ ခုံရုံးနဲ့ စစ်မယ်ဆိုရင် အကုန်ပေါ်တော့မှာ။ SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်) ကို သူ (ဒေါ်ခင်မိုးမိုး) မဲပေးတယ် ဆိုတာတွေ၊ အောင်နိုင်ရေးကာလမှာ လုံးဝ အလုပ် မလုပ်တာတွေ အကုန်လုံးပဲ။ ရှမ်းပြည်နယ်က အမတ်တွေ ဒီမှာ ရှိတယ်လေ။ တောင်ကြီး၊ အောင်ပန်း၊ ကလော အကုန်ရှိတယ်။ ပါတီ အောင်နိုင်ရေး သူဘာမှ မလုပ်ပေးခဲ့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တောင်ကြီး ခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် “CEC ဆိုတာ ဝယ်လို့ရတယ်။ သမိုင်း ဆိုတာ ဝယ်လို့မရဘူး” ဆိုသည့် စာရေးသားမှုကြောင့် ဦးဝင်းထိန်၏ နှုတ်မိန့်ဖြင် ထုတ်ပယ်ခံရခြင်း ဖြစ်ပြီး ဒေါ်ခင်မိုးမိုးနှင့် တခြားသူများမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီ အောင်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် ရာထူးချခံရခြင်း ဖြစ်သည်ဟု သိရသည်။
ရာထူးချခံထားရသည် ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးကမူ ပါတီ၏ စုံ/ခုံဖွဲ့ စစ်ဆေးမှုအပေါ် ကြိုဆိုသော်လည်း နှစ်ဖက်စလုံးကို ဘက်မလိုက်ဘဲ စစ်ဆေးပေးရန် လိုအပ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“စစ်မယ်ဆိုရင် နှစ်ဖက်စလုံးကို မေးရမှာ။ ဦးဝင်းထိန်ကိုလည်း စစ်ရပါမယ်။ ကျမတို့ကိုလည်း စစ်မယ်ဆိုရင် လက်ခံပါတယ်။ အယူခံလွှာ တင်ပြီး တလအတွင်း စုံစမ်းစစ်ဆေးမယ်လို့ သိထားပါတယ်။ ပါတီက ကျမဖုန်းထဲကို Viber Message ပို့ထားပါတယ်” ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။
စုံးစမ်းစစ်ဆေးရေး အဖွဲ့တွင် NLD ပါတီမှ ဦးကျော်ဟိုး၊ မန္တလေးတိုင်း NLD ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးနှင့် NLD ဗဟိုကော်မတီဝင် ဒေါ်လဲ့လဲ့ တို့ ပါဝင်သည်ဟု သိရသည်။
ရဲသတင်းတပ်ဖွဲ့ (SB) ကို ပါတီ အစည်းအဝေးသို့ ဝင်ခွင့်ပြုခြင်း၊ ပါတီ အောင်နိုင်ရေး မဆောင်ရွက်ခြင်းနှင့် တခြား အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ခြင်း စသည့် ဦးဝင်းထိန်၏ စွပ်စွဲချက်များ အားလုံးကို ဖြေရှင်းသွားမည်ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။
“ကျမ ဘယ် SB ကိုမှ ပါတီ အစည်းအဝေးထဲကို ခေါ်မသွင်းခဲ့ဘူး။ NGO လုပ်ပြီး တခြားအဖွဲ့တွေနဲ့ ပေါင်းတယ် ဆိုတာလည်း ရှင်းပြပြီးပြီ။ ထပ်လည်း ရှင်းနိုင်တယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်လည်း လင်းခေးအထိ ကျမသွားခဲ့တယ်။ ဒါပေမယ့် ကားကြီးတွေနဲ့ လှည့်ပြီး သီချင်းဆိုတဲ့ အထဲမှာတော့ ကျမ မပါဘူး” ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။
ရှမ်းပြည်နယ် NLD ဖြစ်စဉ်နှင့် ပတ်သက်၍ ပါတီ ထပ်ပိုင်း ခေါင်းဆောင်များအတွင်း သဘောထား ကွဲလွဲမှုများ ရှိသော်လည်း ညှိနှိုင်း ဖြေရှင်းသည့်နည်းဖြင့် ကြိုးစားလျက် ရှိကြောင်း၊ ယခု ကိစ္စသည် NLD ပါတီအတွင်း၌လည်း အမြင်အမျိုးမျိုးဖြင့် ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်း NLD အသိုင်းအဝိုင်းက ပြောသည်။