သတင်း

ပအိုဝ်းတိုင်းရင်းသားဂျာနယ် အသရေဖျက်မှုဖြင့် အမိန့်ချခံရ

ပအိုဝ်းတိုင်းရင်းသား ဘာသာဖြင့်ထုတ်ဝေသည့် ခမ်းသားငဝ်း (The People’s Voice) ဂျာနယ်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တရားရုံးက အသရေဖျက်မှု ပုဒ်မ-၅၀၀ ဖြင့် ထောင်ဒဏ် ၁ လ (သို့မဟုတ်) ဒဏ်ငွေ ကျပ် ၃ သောင်း ပေးဆောင်ရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ခမ်းသားငဝ်းဂျာနယ် အယ်ဒီတာချုပ် ခွန်သန်းအောင်က “တရားရုံးအမိန့်က မတရားဘူးလို့ မြင်တယ်၊ ဆောင်းပါးမှာ သူတို့ရဲ့ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ မပါပါဘူး” ဟု ပြောသည်။

၂၀၁၅ ခုနှစ် မေလ ၃ ရက်ထုတ် ခမ်းသားငဝ်းဂျာနယ် အမှတ်စဉ် ၁၈ တွင် ဖော်ပြခဲ့သည့် “ဒီလိုကိစ္စမျိုး အဘ သိပါရဲ့ လား” ဆောင်းပါးနှင့် ပတ်သက်၍ ဂျာနယ်အယ်ဒီတာ ၂ ဦးဖြစ်သည့် ခွန်သန်းအောင်နှင့် ခွန်ရာဇာတို့ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဒုဥက္ကဌ ခွန်သောင်းတင်က တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဆောင်းပါးပါ အကြောင်းအရာမှာ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီး၏ “၇၉” နှစ်ပြည့် မွေးနေ့ပွဲအတွက် အဖွဲ့အစည်းတံဆိပ်ဖြင့် ကျေးရွာများထံမှ ငွေကြေးနှင့် လက်ဖက်ခြောက်များ ထည့်ဝင်ရန် ကောက်ခံမှုများအပေါ် ဦးအောင်ခမ်းထီး သိစေရန် ဆောင်းပါရှင် ခွန်သွီးပအိုဝ်းခမ်းကောင်က ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။

တရားရုံးက ချမှတ်လိုက်သည့် ဒဏ်ငွေကျပ် ၃ သောင်းကို ခမ်းသားငဝ်းဂျာနယ် အယ်ဒီတာအဖွဲ့က ပေးဆောင်ခြင်း မဟုတ်ဘဲ ထိုအမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာနေသည့် အရပ်ဘက်အဖွဲ့က ပေးဆောင်းခြင်းဖြစ်ကြောင်း သိရသည်။ ခမ်းသားငဝ်းဂျာနယ်သည် တောင်ကြီးမြို့အခြေစိုက် ပအိုဝ်းတိုင်းရင်းသားဘာသာဖြင့် လစဉ်ထုတ်ဝေနေသည့် ဂျာနယ်တစောင်ဖြစ်သည်။

Loading