မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျ နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မိုဟာမက် ဆူဖီယာ ရာမန်တို့ ယနေ့ နေ့လည်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံမှုတွင် အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ရခိုင်ပြည်နယ်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားသော ဖြစ်စဉ်များကို အသိပေးခဲ့ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ အကြမ်းဖက်သူများ ဖော်ထုတ်ရာတွင် ပူးပေါင်း ကူညီပံ့ပိုးမှုများ ပြုလုပ်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်တပ် လုံခြုံရေးဌာနများကို အကြမ်းဖက်အဖွဲ့အစည်းတခုက နံနက် ၁ နာရီမှ ၄ နာရီအတွင်း လူ ၉၀ ခန့်က တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ရာ၊ မြန်မာဘက်မှ ၉ ဦး ကျဆုံးပြီး လက်နက်ခဲယမ်းများ ပျောက်ဆုံးခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်သူများ ဘက်မှ ၈ ဦး အသေမိပြီး ၂ ဦး အရှင်ဖမ်းမိသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက မောင်တောမြို့နယ် မြို့သူကြီး ကျေးရွာအနီးတွင် တပ်မတော်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် အကြမ်းဖက်သူ ၃၀ ခန့်က လက်နက်များဖြင့် ရန်ပြုလာသဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သူများဘက်မှ ၄ ဦး ကျဆုံးပြီး လုပ်သေနတ် တလက်နှင့် ကျည်ဆံတချို့ သိမ်းဆည်း ရမိခဲ့သည်ဟု မောင်တော ရဲစခန်းက ပြောသည်။
ဆက်စပ်ဖတ်ရှုရန်
မောင်တောတွင် အကြမ်းဖက် တိုက်ခိုက်သူများ လှုပ်ရှားဆဲဟုဆို
မောင်တော တိုက်ခိုက်ခံရမှု “လုံခြုံရေး” အားနည်းခဲ့ကြောင်း ရဲချုပ်ဝန်ခံ