မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး မဲအများဆုံးဖြင့် အနိုင်ရထားသည့် စည်ပင် ကော်မတီဝင်လောင်း ဦးစောဟန်ကို ယှဉ်ပြိုင်အရွေးခံသူ ၂ ဦးက ကန့်ကွက်လွှာတင်ထားသဖြင့် အောက်တိုဘာ ၈ ရက်နေ့မှ စတင်ကာ စစ်ဆေး ကြားနာမှုများ ပြုလုပ်နေကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးဇော်တင်မိုး က ပြောသည်။
ထို့ကြောင့် မန္တလေးမြို့တော် စည်ပင်ကော်မတီဝင်လောင်း၏ ကန့်ကွက်လွှာများကို ကြားနာစစ်ဆေးပြီးမှသာ ကော်မတီဝင်များအား အတည်ပြုခန့်အပ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှုး ဦးဇော်တင်မိုးက ပြောသည်။
ကန့်ကွက်သူ ၂ ဦးက စာရွက်စာတမ်း သက်သေ အပါအဝင် လူသက်သေ ၃၀ ကျော်၏ အချက်အလက်များကို တင်ပြထားပြီး ၄င်းတို့အား စည်ပင် အစည်းအဝေးခန်းမတွင် နေ့စဉ် ကြားနာစစ်ဆေးလျက်ရှိကြောင်း သိရသည်။
“ကန့်ကွက်လွှာကလည်း တမြို့နယ်တည်းက ဖြစ်နေတဲ့အတွက် ကျန်တဲ့မြို့နယ်တွေက ရွေးခံရတဲ့ ကော်မတီဝင်တွေကို အရင်ခန့်ထားမလားလို့ ကော်မရှင်ဥက္ကဋ္ဌကို တင်ပြပေမယ့် လက်မခံတဲ့အတွက် ကန့်ကွက်လွှာတွေ အားလုံးစစ်ဆေးပြီးမှ ကော်မတီဝင်အားလုံးကို တပြိုင်နက်ခန့်သွားမယ်” ဟု ၄င်းက ရှင်းပြသည်။
ကျန်ရှိသည့် ၅ မြို့နယ်မှ ရွေးချယ်ခံထားရသည့် ကော်မတီဝင်လောင်းများကို ကန့်ကွက်မှု တစုံတရာ မရှိသောကြောင့် စည်ပင်လုပ်ငန်းကိစ္စများ ဆောင်ရွက်နိုင်ရန် ကြိုတင်ခန့်အပ်သင့်ကြောင်း တင်ပြခဲ့သော်လည်း ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သည့် မြို့တော်ဝန်က လက်မခံသောကြောင့် ကန့်ကွက်သူများ၏ ကြားနာစစ်ဆေးမှုများ ပြီးမှသာ ခန့်အပ်သွားမည်ဟု သိရသည်။
မန္တလေးစည်ပင်နယ်နိမိတ် ၆ မြို့နယ်အတွက် ကော်မတီဝင်လောင်း ၆ ဦးကို စက်တင်ဘာ ၂၅ ရက်က ရွေးကောက်ပွဲပြုလုပ်ရွေးခဲ့ခဲ့ရာ ရွေးချယ်ခံရသည့် ကော်မတီဝင်လောင်းများနှင့် ပတ်သက်၍ တပတ်အတွင်း ကန့်ကွက်နိုင်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။
၄င်းကန့်ကွက်လွှာများကို မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေတွင် ပြဌာန်းထားသည့် ပုဒ်မ ၂၉ (က) ပါ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများအား အဓိကစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ စစ်ဆေးမည့်ကာလအား ဥပဒေတွင် ထည့်သွင်း မထားကြောင်း သိရသည်။
ယင်းဥပဒေ ပုဒ်မ ၂၉ (က) တွင် ရွေးကောက်ပွဲတွင် ပုဂ္ဂိုလ်တဦး၏ တရားသဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ကို ဖြစ်စေ၊ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ကို ဖြစ်စေ ထိခိုက်စေရန် နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ လိမ်လည်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လာဘ်ပေးလာဘ်ယူမှုပြုခြင်း၊ သွေးဆောင်ခြင်း စသည့် တရားမဲ့ပြုကျင့်မှုများ ဆောင်ရွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။
“အဓိကကတော့ မဲစာရင်းလိမ်တယ်။ မဲစာရင်းမှာ ကျုးကျော်တွေကို ကောက်ထည့်ထားတာတွေရှိတယ်။ ကျနော်တို့ ဘက်က နိုင်တာ၊ မနိုင်တာ အဓိကမကျပါဘူး။ ကော်မတီဝင်အဖြစ် အရွေးခံတဲ့သူတယောက်ရဲ့ မဟုတ်တဲ့ လုပ်ရပ်ကို ပေါ်လွင်စေချင်တာပါ” ဟု ကန့်ကွက်လွှာ တင်ထားသည့် ပြည်ကြီးတံခွန်မြို့နယ်မှ ကော်မတီဝင်လောင်း အဖြစ် ဝင်ရောက် ရွေးချယ်ခံခဲ့သည့် ဦးကျော်ဝေမြင့်က ပြောသည်။
ကန့်ကွက်သူများအနေဖြင့် ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက တိုင်းအစိုးရအဖွဲ့ထံ အယူခံ ဆက်တင်ခွင့်ရှိပြီး တိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် နောက်ဆုံးအတည်ဖြစ်ကြောင်း စည်ပင်ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအတွက် ပြည်သူက ရွေးချယ်သည့်ကော်မတီဝင် ၆ ဦးနှင့် တိုင်းအစိုးရအဖွဲ့က တိုက်ရိုက်ခန့်မည့် ကော်မတီဝင် ၅ ဦး၊ စုစုပေါင်း ၁၁ ဦးအား တပြိုင်နက်ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။