ရခိုင်ပြည်နယ် မောင်တော ခရိုင်အတွင်း နယ်ခြားစောင့် ရဲ တပ်ဖွဲ့ စခန်းများအား အကြမ်းဖက် တိုက်ခိုက်သည့် လုပ်ရပ်သည် နိုင်ငံ တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေသော လုပ်ရပ်ဖြစ်သည့်အတွက် ရှုတ်ချကြောင်း ပြည်တွင်း မွတ်စလင် အဖွဲ့အစည်းများက ပြောသည်။
မြန်မာနိုင်ငံသား မွတ်စလင် ရှေ့နေများ အသင်း ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက “နယ်စပ်စည်းနေရာက နိုင်ငံရဲ့ လုံခြုံရေးပဲ၊ ဒီလိုနေရာကို အကြမ်းဖက်တိုက်ခိုက်တာ လုံးဝလက်ခံနိုင်စရာ မရှိဘူး၊ ဥပဒေနဲ့အညီ တင်ပြခွင့်၊ ဆွေးနွေးခွင့်အတွက် ကော်မရှင်တရပ် ကမ္ဘာသိဖွဲ့ထားပြီပဲ”ဟု ဧရာဝတီသို့ ပြောသည်။
အကြမ်းဖက် တိုက်ခိုက်သူများအနေဖြင့် အောက်တိုဘာ ၉ ရက် နံနက် ၁ နာရီခန့်က မောင်တောမြို့နယ် ကျီးကန်းပြင် အမှတ် ၁ နယ်ခြားစောင့်ရဲ ကွပ်ကဲမှု ဗဟိုဌာနချုပ်နှင့် ငါးခူရ ရဲစခန်းတို့အပြင် ရသေ့တောင် မြို့နယ် ကိုးတန်ကောက် ရဲစခန်းတို့ကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းတိုက်ခိုက်မှုအတွင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ရပြီး အကြမ်းဖက် တိုက်ခိုက်သူများ ဘက်မှ ပါဝင်သူ တချို့ကိုလည်း အသေဖမ်းဆီးရမိခဲ့သည်။
နိုင်ငံသား မွတ်စလင် အရပ်ဘက် အဖွဲ့အစည်း ၈ ဖွဲ့က ထိုအကြမ်းဖက် တိုက်ခိုက်မှုအပေါ် ကန့်ကွက် ရှုတ်ချကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မလိုလားအပ်သည့် နောက်ဆက်တွဲ ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်ကြောင်း ပြောဆိုထားသည်။
လူမှုမဟာမိတ် အဖွဲ့(Social Alliance) ဦးဆောင်သူ မဒါလီမြင့်က “ဘာသာတူတာ၊ မတူတာနဲ့ မဆိုင်ဘဲ နိုင်ငံ တည်ငြိမ် အေးချမ်းရေး ပျက်ပြားစေတဲ့ အကြမ်းဖက် လုပ်ရပ်မှန်သမျှကို ကန့်ကွက် ရှုတ်ချတာဖြစ်တယ်၊ ခေါင်းဆောင်တွေ အနေနဲ့ အေးအေးချမ်းချမ်းနဲ့ ဥပဒေအရ ဖြေရှင်းကြဖို့ တိုက်တွန်းပါတယ်”ဟု ပြောသည်။
လက်ရှိအချိန်ထိ မောင်တောမြို့နယ်အတွင်း ကျေးရွာများအနီးတွင် လုံးခြုံရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် တိုက် ခိုက်သူများကြား အပြန်အလှန် တိုက်ပွဲတချို့ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်လုပ်ရပ်အား မည်သည့် အဖွဲ့ အစည်းက ပြုလုပ်သည်ကို အစိုးရက ထုတ်ပြန်မှု မရှိသေးပေ။
ယနေ့ ထုတ် အစိုးရ သတင်းစာများတွင် အောက်တိုဘာ ၁၁ ရက်တွင် တပ်မတော်က ရခိုင်ပြည်နယ် မောင်တော မြို့နယ် အတွင်း အကြမ်းဖက် တိ်ုက်ခိုက်သူများထံမှ အလောင်း ၁ လောင်း၊ သေနတ် ၁ လက် ကျည်အိမ် ၂ ခု သိမ်းဆည်းရမိကြောင်း၊ တပ်မတော်မှ သေနတ် ၂ လက် ပျောက်ဆုံး၍ စစ်သည် ၁ ဦး ဒဏ်ရာ ရရှိပြီး စစ်သည် ၄ ဦး ကျဆုံးသွားကြောင်း ဖော်ပြထားသည်။
ထို့အပြင် အောက်တိုဘာ ၁၀ ရက်နံနက်ပိုင်းက တောင်ပိုင်ညာ ကျေးရွာကို တပ်မတော်က ဝင်ရောက် ရှင်းလင်း ရာ ရွာသား ၈ ဦးခန့်က တုတ်၊ ဓားများဖြင့် ရုတ်တရက် ဝင်ရောက်တိုက်မှုကြောင့် ပြန်လည် တုံ့ပြန်ရာမှ တိုက် ခိုက် သူ အလောင်း ၇ လောင်းနှင့် တုတ်၊ ဓားများကို သိမ်းဆည်းရမိကြောင်းလည်း သတင်းစာတွင် ပါရှိသည်။
အောက်တိုဘာ ၉ ရက်က ညပိုင်းတွင်လည်း ငါးခူရ ကျေးရွာ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အန်ဒရာမူလာကိန်း နှင့် မော်လဝီဖော်ဒီတာလောင် ဆိုသူ ၂ ဦးကို ဖမ်းဆီးမိကြောင်း၊ ကျီးကန်းပြင် စခန်း ဌာနချုပ် လက်နက်တိုက်များ ဖောက်ထွင်းမှုတွင် အဓိက ပါဝင်သူ ၂ ဦး ဖြစ်သော အစ္စမာန် နှင့် ကျေးရွာ တာဝန်ခံ အဘူကာလာမ် ဆိုသူ ၂ ဦး ကိုလည်း အောက်တိုဘာ ၁၁ ရက်နံနက် ၅ နာရီခန့်က ဖမ်းဆီး ရမိကြောင်းလည်း အစိုးရ သတင်းစာများက ဖော်ပြသည်။
ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင် ပြည်နယ် အထူးစုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ဟာဂျီဦးအးလွင်က ကော်မရှင်အနေဖြင့် လက်ရှိ အကြမ်းဖက် တိုက်ခိုက်မှုများအပေါ် သုံးသပ်ပြောဆို၍ မရသေးသော်လည်း ၎င်းတဦးတည်းအနေဖြင့် နိုင်ငံ၏ အချုပ်အခြာ အာဏာ ထိခိုက်လာမှုကို လက်မခံ နိုင်ကြောင်း ပြောသည်။
ဟာဂျီဦးအေးလွင်က “အကြမ်းဖက်မှုကို ဘယ်လိုနည်းနဲ့မှ လက်မခံဘူး၊ ထိထိရောက်ရောက် အရေးယူဖို့ လို အပ်ပါတယ်၊ အဲ့ဒီ နေရာမှာ အကြမ်းဖက်မှုမှာ မပါတဲ့သူတွေ ထိခိုက်နစ်နာမှုမရှိအောင် သတိကြီးစွာထားဖို့ လိုပါတယ်”ဟုလည်း ပြောဆိုသည်။
ကော်မရှင်အနေဖြင့်လည်း ဖြစ်ရပ်များကို စောင့်ကြည့်နေပြီး မကြာမီ အစည်းအဝေးများပြုလုပ်၍ တိုက်ခိုက်မှု ဖြစ်ရပ်များ အပေါ် သဘောထား ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။