မြို့ပြဝန်းကျင် မလုံခြုံမှုက အမျိုးသမီးများ၏ လုပ်ကိုင်နိုင်မှု စွမ်းရည်များကို အဟန့်အတား ဖြစ်စေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၌ အပြည့်အဝ ပါဝင်ခွင့် မရစေကြောင်း အမျိုးသမီး အဖွဲ့များက ပြောဆိုသည်။
မြို့ပြလူနေမှုဘဝကို နေ့စဉ်ဖြတ်သန်းနေရသည့် မြို့ပြ အမျိုးသမီးထုဘဝ မလုံခြုံမှုဟု ဆိုရာတွင် အကြမ်းဖက်မှုများကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး အပါအဝင် အမျိုးသမီးထုဘဝ လက်လှမ်းမီနိုင်သည့် ကျန်းမာ ရေး၊ ပညာရေး၊ စီးပွားရေး အခွင့်အလမ်းစသည့် ဝန်ဆောင်မှုများကိုပါ ဆိုလိုခြင်းဖြစ်သည်ဟု အမျိုးသမီးအရေး ရွက် နေသူများက ပြောသည်။
မြို့ပြအမျိုးသမီးဘဝ လုံခြုံမှုမရှိခြင်းသည် ထိုအမျိုးသမီးတို့၏ ဘဝကိုသာမက ၎င်းတို့နှင့်သက်ဆိုင်သည့် မိသားစု ဘဝ များကို သက်ရောက်မှု ရှိနေကြောင်း ကျားမရေးရာ တန်းတူညီမျှရေး ကွန်ရက် ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက ပြောသည်။
“လုံခြုံစိတ်ချရပြီး သူတို့လက်လှမ်းမီနိုင်တဲ့ ဝန်ဆောင်မှုတွေကို တိုးမြှင့်ပေးခြင်းအားဖြင့် ညဘက်မိုးချုပ် အိမ်ပြန်ရမှာကို စိုးရွံ့ပြီး သူတို့အတွက် လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေကို ငြင်းပယ်နေရမှုက ကင်းလွတ်မှာဖြစ်တယ်”ဟုလည်း ၎င်းက ဆိုသည်။
ဘေးကင်း လုံခြုံသော မြို့ပြဝန်းကျင်များ တည်ဆောက်ခြင်း လှုပ်ရှားမှု အခမ်းအနား (Safe Cities Campaign) ကို Action Aid Myanmar နှင့် မိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ Action Aid ရုံးခန်းတွင် အောက်တိုဘာ ၁၁ ရက်က ပြုလုပ်ခဲ့ရာ အမျိုးသမီးအရေး ဆောင်ရွက်နေသူများက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တွင်း လမ်းပိတ်ဆို့မှု၊ လုံခြုံမှုမရှိခြင်းတို့က စီးပွားရေး အခွင့်အလမ်းများ ပွင့်လင်းလာချိန်၌ အမျိုးသမီးများ ညဉ့်နက်သည့်အထိ လုပ်ငန်းခွင်ဝင်ရပြီး အိမ်ပြန်ချိန်တွင် ကြောက်ရွံ့စိတ်ဖြင့် အိမ် အပြန်လမ်းခရီး လမ်းမီးမရှိသည့်အတွက် အကြမ်းဖက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရပါက ရရှိလာမည့် စီးပွားရေး အခွင့်အလမ်းများကို အမျိုးသားများနှင့် တန်းတူရနိုင်မည် မဟုတ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်နေသူများက ပြောသည်။
အစိုးရက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား၍ ဘဏ္ဍာငွေသုံးစွဲမှု တိုးမြှင့်ပေးပြီး ထိရောက်သည့် မူဝါဒများ၊ ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပေးရန်လည်း အမျိုးသမီးအရေး ဆောင်ရွက်နေသူများက တောင်းဆိုသည်။
ထိုအခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျနော့်အနေနဲ့ ရန်ကုန် မြို့နဲ့ ပတ်သက်ပြီး မြင်တဲ့အမြင်က စိတ်ချလုံခြုံမှုဟာ အမျိုးသမီးတွေအတွက် ပိုပြီးလိုအပ်နေတယ်။ လူတိုင်းအတွက် စိတ်ချ လုံခြုံရတဲ့မြို့ဖြစ်အောင် ကြိုးပမ်းရမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်ဖို့အတွက် ဘတ်ဂျက်ကို များများ ရှာနိုင်အောင် ကြိုးပမ်းမှာဖြစ်သလို ဘတ်ဂျက်စီမံခန့်ခွဲတဲ့ အပိုင်းမှာလည်း အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေကို ထည့်သွင်း စဉ်းစား သွားမယ်”ဟု ပြောသည်။
အမျိုးသမီးဘဝ လုံခြုံမှုနှင့် ပတ်သက်ပြီး Action Aid International ၏ CEO Mr. Adriano Campolina က“မူဝါဒပိုင်း ပြောင်းလဲဖို့ လိုတယ်။ ပိုမိုခိုင်မာတဲ့ မူဝါဒတွေ၊ ပိုမိုခိုင်မာတဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုအပ်တယ်။ အကြမ်းဖက်မှုတွေ များတဲ့ နေရာမှာ ပိုမိုလုံခြုံတဲ့စနစ် လုပ်ဖို့လိုတယ်။ ဖြစ်လာတဲ့အခါမှာလည်း သေချာစွာ အရေးယူပေးမယ့် ရဲဌာနတွေ လိုအပ် တယ်” ဟု အကြံပြု ပြောဆိုသည်။
ဘေးကင်းလုံခြုံသော မြို့ပြဝန်းကျင်များ တည်ဆောက်ခြင်း လှုပ်ရှားမှု အခမ်းအနား (Safe Cities Campaign) ကို Action Aid Myanmar နှင့် မိတ်ဖက် အဖွဲ့များ ပူးပေါင်းပံ့ပိုးပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်သည်။