ရခိုင်ပြည်နယ် မောင်တောနယ်ခြားစောင့်တပ် တိုက်ခိုက်ခံရမှုနောက်ပိုင်း ထပ်မံဖြစ်ပွားနေသည့် တိုက်ပွဲများကို အစိုးရက အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းနေပြီး တရားဥပဒေ စိုးမိုရေး မူအောက်တွင် မျှမျှတတ ကိုင်တွယ်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ကတော့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းမယ်။ တရားဥပဒေ စိုးမိုးရေးအောက်မှာပဲ မျှမျှတတ လုပ်သွားမယ်။ ဘာတွေ ဘာတွေမှာ ဘာဖြစ်နေလဲဆိုတာ မရှင်းသ၍တော့ ဘယ်သူ့ကိုမှ စွပ်စွဲမှာမဟုတ်ဘူး။ သေသေချာချာ အထောက်အထား ခိုင်လုံမှ စွပ်စွဲချက် တင်သင့်ရင် တင်မှာဖြစ်ပါတယ်”ဟု ပြောသည်။
ယနေ့ နံနက်ပိုင်းက နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးနှင့် သတင်းစာ ရှင်းလင်းပွဲ ပူးတွဲ ကျင်းပစဉ် ဧရာဝတီ၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး HE.MR Bert Koenders က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဆောင်ရွက်နေချိန်တွင် အဖြေတခုကို ဖန်တီးပေးနိုင်မည့် နည်းလမ်းနှင့် ပဋိပက္ခများကို စီမံခန့်ခွဲနိုင်ရန် အရေးကြီးကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးက မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့အထိ သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ နိုင်ငံရေးပါတီ များ၊ ဒေသခံ အရပ်ဖက် အဖွဲ့စည်းများနှင့် တွေ့ဆုံခဲ့သည့်အပြင် ဒုက္ခသည်စခန်းတခုသို့လည်း သွားရောက်လေ့လာခဲ့သည်။
“မနေ့က ကျနော် တွေ့ခဲ့တာတွေ ပြောရမယ်ဆိုရင်တော့ ဒီကိစ္စကို အသင့်တော်ဆုံး တုန့်ပြန်နိုင်ဖို့အတွက် အဲဒီမှာရှိတဲ့သူတွေ အားလုံးနဲ့ ဆွေးနွေးမှုတွေ ချက်ခြင်းလုပ်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ပြည်သူတွေကိုလည်းပဲ အနည်းဆုံးတော့ လူသားချင်း စာနာကူညီမှု အပိုင်းနဲ့ လွတ်လပ်စွာ သွားလာခွင့်ရှိဖို့တို့နဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ တိုးတက်မှုတွေရှိအောင်လို့ သူတို့တတ်နိုင်မျှလုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်”ဟု HE.MR Bert Koenders က ဆိုသည်။
လက်ရှိအချိန်တွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည် မောင်တောဒေသသို့ ပြည်ထောင်စု ဝန်ကြီး ဦးဖေမြင့် ဦးဆောင်သော အစိုးရ အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက စစ်တွေမြို့မှ မောင်တောမြို့သို့ ရှပ်ပြေးအမြန် ရေယာဉ်ဖြင့် ထွက်ခွာသွားသည်ဟု သိရသည်။
ယနေ့ နံနက် စောစောပိုင်းကလည်း မောင်တော အမှတ် ၁ နယ်ခြားစောင့်တပ် ဌာနချုပ် (ကျီးကန်ပြင်)ကို အကြမ်းဖက်သူများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ယင်းဖြစ်စဉ်ကို မောင်တော ရဲစခန်းကလည်း အတည်ပြုသည်။ “ကျနော် နံနက်စောစောပိုင်းက ကျီးကန်ပြင်ဘက်နေ တိုက်ပွဲဖြစ်သံ မျိုးတွေ ကြားရပါတယ်။ ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး”ဟု စခန်းမှူး ရဲမှူး ကျော်မြဝင်းက ပြောသည်။
အောက်တိုဘာလ ၁၁ ရက်နေ့က မောင်တောမြို့နယ် ပြောင်းပစ်ကျေးရွာ၏ အရှေ့ဘက်တွင် တပ်မတော်စစ်ကြောင်းက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် အကြမ်းဖက်တိုက်ခိုက်သူ အင်အား ၃၀ ခန့်က လက်နက်ငယ်များ၊ စက်သေနတ်ငယ်များဖြင့် တိုက်ခိုက် ၍ အပြန်အလှန် ပစ်ခတ်နေစဉ် တပ်မတော် စစ်ကြောင်း နေရာယူထားသည့် မြောက်ဘက်နှင့် အနောက်ဘက်မှ အင်အား ၃၀၀ ခန့်က လက်နက်ငယ်များ၊ ဓား၊ တုတ်များနှင့် ထပ်မံတိုက်ခိုက်လာသဖြင့် တပ်မတော်သား ၄ ဦး ကျဆုံးခဲ့ရကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းစာက သတင်းထုတ်ပြန်ခဲ့သည်။