မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံအကျဉ်းထောင်အတွင်း ဆူပူဆန္ဒပြမှု ဖြစ်ပွားခဲ့သည့်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။
“နှစ်ဖက်စလုံးက တင်ပြတဲ့အချက်တွေကို စစ်ဆေးနေတယ်။ ဒါကိုအမြန်ဆုံး အဖြစ်မှန်ပေါ်ပေါက်ဖို့ စစ်ဆေးသွားမှာပါ” ဟု ဦးမင်းထွန်းစိုးက ဧရာဝတီကို ပြောသည်။
မြင်းခြံထောင်တွင် အကျဉ်းကျခံနေရသူများက ထောင်ပိုင်ပြောင်းရွှေ့ပေးရန် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက တောင်းဆိုဆန္ဒပြခဲ့ရာ၌ တာဝန်ရှိသူများ လာရောက်ညှိနှိုင်းမှုကြောင့် လတ်တလောအဆင်ပြေမှုရရှိပြီး ဆန္ဒပြမှု ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြင်းခြံထောင်အတွင်း နံနက် ၅ နာရီခွဲခန့်၌ အကျဉ်းသား ၂ ဦးနှင့် စည်းကမ်းထိန်းအကျဉ်းသား ၂ ဦးတို့ လူဦးရေ ကြပ်တည်းမှုနှင့် အိပ်ယာနေရာချထားမှု အဆင်မပြေမှုကြောင့် ခိုက်ရန်ဖြစ်ပွားရာမှ ဆူပူဆန္ဒပြမှု စတင်ခဲ့ခြင်းဖြစ််သည်ကို သိရှိရကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
ထို့အပြင် အကျဉ်းထောင်တွင်း အကျဉ်းသားများထံမှ ငွေကြေးကောက်ခံမှုများနှင့် မတရားစေခိုင်း၍ အကျိုးအမြတ် ရယူသည့် လုပ်ရပ်များပါ ရှိနေသည်ကို ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
ဦးထွန်းကြည်က “ထောင်ထဲမှာ ဒီလိုတင်းကြပ်နေတာ လွန်ခဲ့တဲ့ ၆ လ လောက်တည်းကပါ။ ဒီလိုဖိနှိပ်မှုတွေကလဲ မြင်းခြံထောင်တခုတည်း မဟုတ်ပါဘူး။ ထောင်တွေတိုင်းမှာ ရှိနေတယ်” ဟုလည်း ပြောသည်။
ယခုနှစ်အတွင်း မြင်းခြံထောင်အတွင်း၌ အကျဉ်းသား ၉ ဦးခန့် သေဆုံးမှုဖြစ်ခဲ့ကြောင်းနှင့် အကျဉ်းသားများသည် ကျန်မာရေးစောင့်ရှောက်မှု မလုံလောက်မှုနှင့် တင်းကြပ်သည့် ထောင်စည်းကမ်းများကြောင့် အစားအစာနှင့် အဝတ်အစား ရရှိမှုခက်ခဲနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ပြောသည်။
အကျဉ်းသားများ၏ ဆန္ဒပြတောင်းဆိုမှုများနှင့် ပတ်သက်၍ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်က ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး လွှတ်တော်လူ့အခွင့်အရေးကော်မတီထံ တင်ပြမည်ဖြစ်ကြောင်း ပြောဆိုသည်။
လက်ရှိအချိန်၌ မြင်းခြံအကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသူ ၂,၀၅၉ ဦး ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။