သတင်း

ရခိုင်နှင့်ထိစပ်နေသည့် ဧရာဝတီတိုင်း ကမ်းခြေဒေသများ လုံခြုံရေးတင်းကြပ်

အကြမ်းဖက်တိုက်ခို်က်မှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်း၏ ကမ်းခြေဒေသ တခုဖြစ်သည့် ငပုတောမြို့နယ် ငရုတ်ကောင်းဒေသတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ
ခြေလျင်တပ်ရင်း ၂ ခု၊ ရေတပ်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လုံခြုံရေးတင်းကြပ်ထားကြောင်း သတင်းရရှိသည်။

“ကျနော်တို့ နံသပုရွာနားက ဂေါ်ရင်ဂျီကျွန်းပေါ်မှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်သား ၂၀ လောက် ဒီနေ့ မနက်ပိုင်းရောက်လာပြီး လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူထားတယ်။ ဂေါ်ရင်ဂျီကျွန်းမကြီး နားမှာလည်း ရေတပ်သင်္ဘောတစီးကပ်ထားပြီး လုံခြုံရေးယူထားတယ်”ဟု ငရုတ်ကောင်းမြို့၊ နံသပုကျေးရွာမှ ရပ်မိရပ်ဖတဦးက ဧရာဝတီကို ပြောသည်။

ငရုတ်ကောင်းမြို့ပေါ်တွင်လည်း စစ်ကား ၄ စီးဖြင့် မြို့အဝင်ဂိတ်ပေါက်နှင့် မြို့အနီးအနား ပတ်ဝန်းကျင် နေရာများတွင် လက်နက်အပြည့်အစုံဖြင့် တပ်မတော်သားများ လုံခြုံရေးရယူကာ စောင့်ကြပ်နေကြောင်း ငရုတ်ကောင်း မြို့ခံ ဦးဇော်ဝင်းက ပြောသည်။

“မြို့ထဲနဲ့ မြို့ပတ်ဝန်းကျင်မှာတော့ စစ်ကား ၄ စီးနဲ့ တပ်မတော်သားတွေ လုံခြုံရေးယူပေးထားတယ်။ ရခိုင်ဘက်မှာ အကြမ်းဖက်မှုတွေ ဖြစ်ထားတော့ ဒီဘက်ကို ကူးစက်လာမှာစိုးလို့ မြို့အတွက် လုံခြုံရေး လာယူပေးတဲ့သဘော ထင်ပါတယ်။ တံငါသည်တွေကတော့ အခြေအနေတွေ မငြိမ်မသက်ဖြစ်နေတဲ့ ကာလဆိုတော့ ပင်လယ်ထဲတောင် ငါးဖမ်းမထွက်ဘဲ နားနေကြတယ်”ဟု သူက ပြောသည်။

ငရုတ်ကောင်းမြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ အနောက်ဘက်အစွန်ဆုံး ပင်လယ်ထွက်ပေါက်ရှိသည့် မြို့တခု ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ခိုးဝင်လေ့ရှိသည့် လှေစီးဘင်္ဂလီများ အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိလေ့ရှိသည့် နေရာတခု ဖြစ်သည်။

ဒေသလုံခြုံရေးအတွက် အသင့်ရှိကြရန်နှင့် သတိ၀ိရိယဖြင့်စောင့်ကြပ်ကြရန် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက ငပုတောမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့စခန်းများအားလုံးကို ညွန်ကြားထားကြောင်း ငပုတောမြို့နယ်အတွင်းမှ စခန်းမှူးတဦးက ပြောသည်။

“စခန်းလုံခြုံရေး၊ ဒေသလုံခြုံရေး သတိဝီရိယရှိဖို့နဲ့ လက်နက်တွေဘာတွေဆိုလည်း တိုက်ချွတ်ထားပြီး အသင့် ရှိနေဖို့ တိုင်းရဲမင်းကြီးက ညွန်ကြားထားတယ်။ ကျနော်တို့လည်း သတိနဲ့ အသင့်အနေအထားမျိုးဖြစ်အောင် ပြင်ဆင်ထားပါတယ်”ဟု သူက ပြောသည်။

Loading